အရှေ့အလယ်ပိုင်း၌ တင်းမာမှုများမြင့်တက်နေခြင်းကို ထိုင်းနိုင်ငံအနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိပြီး နိုင်ငံအတွင်း၌ ပြည်တွင်းသုံးစွဲမှု ၆၁ ရက်စာအတွက် လောင်စာနှင့် စက်သုံးဆီလုံလောက်စွာ ရှိကြောင်းနှင့် အခြေအနေများဆက်လက်ဖြစ်ပေါ်ပါက အရေးပေါ်အခြေ အနေများပြင်ဆင်နေပါကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
အစ္စရေး-အီရန်ပဋိပက္ခသည် ရေနံစျေးနှုန်းမတည်ငြိမ်မှုများမြင့်တက်လာပြီး ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်နိုင်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်သိမ်းနိုင်ဖွယ်ရှိနိုင်သည်ဟု စိုးရိမ်မှုများမြင့်တက်လာကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၏ ရေနံစိမ်းနှင့် သန့်စင်ပြီးထုတ်ကုန်များအပါအဝင် စုစုပေါင်းလီတာ ၄,၉၂၅ သန်းသည် ၃၈ ရက်အတွက် လုံလောက်ပါကြောင်း၊ ထပ်မံ၍ ရေနံစိမ်းလီတာ ၂,၈၇၀ သန်းပေါင်းဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလျက်ရှိပြီး လီတာ ၁,၇၄၆ သန်းသည် ရေလက်ကြားကို ဖြတ်သန်းခဲ့ပြီးဖြစ်ကြောင်း၊ အခြားသော ရင်းမြစ်များမှ လီတာပေါင်း ၁,၁၂၄ သန်းရှိရာ ၂၃ ရက်အတွက် ဖူလုံသဖြင့် စုစုပေါင်းအရန်လောင်စာ လီတာ ၇,၇၉၅ ရှိသဖြင့် ၆၁ ရက်စာအတွက် လုံလောက်ပါကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ပြောရေးဆိုခွင့် ရှိသူ Veerapat Kiatfuengfoo က ပြောကြားခဲ့သည်။
သဘာဝဓာတ်ငွေ့ရည်(LNG)အတွက် ကုန်တက်သင်္ဘော(၄)စင်းကို ၂၀၂၆ ခုနှစ် မတ်လတွင် တင်ပို့ရန်စီစဉ်ထားပြီး (၂)စင်းသည် ရေလက် ကြားကို ဖြတ်သန်းပြီးဖြစ်ရာ ကျန် ၂ စင်းသည် လမ်းကြောင်းပေါ်တွင်ရှိနေပါကြောင်း၊ပြည်တွင်းထောက်ပံ့မှုအပေါ်ထိခိုက်မှုမရှိနိုင်ရန် မျှော်လင့် ရပါကြောင်း၊ တင်းမာမှုများမြင့်တက်လာပါက အရန်လောင်စာတည်ငြိမ်မှုနှင့် ပြည်သူများ၏ယုံကြည်မှုကို ထိန်းသိမ်းရန် အခြားသော လောင်စာ ထောက်ပံ့ပေးမည့် ရင်းမြစ်များအပါအဝင် အရေးပေါ်အစီအစဉ်များကို ရေးဆွဲထားပါကြောင်း၊ ထိုင်းနိုင်ငံအတွင်း၌ လက်ရှိအချိန်ကာလအထိ လောင်စာပြတ်လပ်မှုမရှိသေးပါကြောင်းနှင့် တိကျသော သတင်းအချက် အလက်များအတွက် တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများကို လိုက်နာရန် နိုင်ငံသားများအား တိုက်တွန်းထားကြောင်း သိရှိရပါသည်။
Source: https://www.nationthailand.com/news/general/40063016
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)