၂၀၂၅ ခုနှစ် ဂလိုဘယ်ဗြိတိန်ကုန်သွယ်ရေးပြပွဲ(Global Britain Trade Expo 2025) ၏ဆက်စပ်အခမ်းအနားတစ်ခုဖြစ်သည့်လုပ်ငန်းများ နိုင်ငံတကာချဲ့ထွင်နိုင်ရန်ရည်ရွယ်ကျင်းပသော နှစ်ပတ်လည်ကုန်သွယ်ရေးဖိုရမ်တွင် ဗြိတိန်နှင့် တရုတ်နိုင်ငံကြား တိုးတက်ပြောင်းလဲနေသော ကုန်သွယ်ရေးဆက်ဆံမှုအပေါ် စီးပွားရေးခေါင်းဆောင်များနှင့် စက်မှုလုပ်ငန်းကိုယ်စားလှယ်များက ၎င်းတို့၏ အကောင်းမြင်မှုကို ထုတ်ဖော်ခဲ့ကြသည်။
လန်ဒန်မြို့ရှိ London's Queen Elizabeth II Centre ၌ ကျင်းပသော အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၃၆ နိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်များနှင့် အမှုဆောင်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။ ပထဝီနိုင်ငံရေးနှင့် စီးပွားရေးမသေချာမရေရာမှုများတိုးလာသော်လည်း များစွာသောလုပ်ငန်းရှင်များအနေဖြင့် အဆိုပါဖိုရမ်မှတစ်ဆင့် ဗြိတိန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတိုးချဲ့နိုင်မည့် အခွင့်အလမ်းများကို မြင်တွေ့ခဲ့ကြသည်။
ပို့ကုန်နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအဖွဲ့အစည်း(Chartered Institute of Export & International Trade)၏ညွှန်ကြားရေးမှူးချုပ် Marco Forgione က မကြာသေးမီကာလတွင် ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းများ၏ စိန်ခေါ်မှုများရှိနေသော်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသည် အလားအလာကြီးမားနေဆဲဖြစ် ကြောင်း ဖော်ပြခဲ့သည်။
လျှပ်စစ်မော်တော်ယာဉ်များ၏ အနာဂတ်နှင့် အခြားသောကဏ္ဍများတွင် ဗြိတိန်နှင့် တရုတ်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးမရှိဟု မမှတ်ယူနိုင်ပါကြောင်းနှင့် ရာသီဥတုဖောက်ပြန်မှု(climate change)၊ စီးပွားရေးဆိုင်ရာချို့တဲ့မှု(economic deprivation)၊ ကျန်းမာရေးဆိုင်ရာမညီမျှမှု(health inequalities)နှင့် ပညာရေးဆိုင်ရာထုတ်ပယ်ထားမှု(educational exclusion)တို့ကို ကိုင်တွယ်ဖြေရှင်းမည်ဆိုပါက ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ဗြိတိန် စီးပွားရေးဖွံ့ဖြိုးမှုစင်တာ(China-Britain Business Development Centre)၏ဥက္ကဋ္ဌ John McLean က ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ဗြိတိန်အရာရှိကြီးများ တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်များစတင်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးအခြေအနေသည် သိသိသာသာပြောင်းလဲသွားကြောင်း၊ တရုတ်နှင့် ဗြိတိန်နှစ်နိုင်ငံစလုံးအနေဖြင့် လက်တွေ့ကျသောချဉ်းကပ်မှုကို ကျင့်သုံး နေကြပြီး ယင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အလားအလာတစ်ခုဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။
စီးပွားရေးရှုထောင့်တစ်ခုမှကြည့်ပါက ဗြိတိန်ကုမ္ပဏီများ၏ တရုတ်ဈေးကွက်ဝင်ရောက်မှုနှင့်ပတ်သက်၍ စိတ်ဝင်စားမှုများမြင့်တက်လာကြောင်း Acadia Advisory Group ၏စီမံခန့်ခွဲသူ Jack Wu က မှတ်ချက်ပြုခဲ့သည်။ ယခင်နှစ်မှစတင်၍ ဗြိတိန်ကုမ္ပဏီများစွာသည် တရုတ်နိုင်ငံရှိ အစားအသောက်၊ ဆေးဝါး၊ ကျန်းမာရေး၊ တက္ကသိုလ်များနှင့် လေ့ကျင့်ရေးကျောင်းများ၊ ဇိမ်ခံအမှတ်တံဆိပ်များ(luxury brands) အစရှိသောကဏ္ဍပေါင်းစုံသို့ ဝင်ရောက်ဆောင်ရွက်ခဲ့ကြကြောင်း၊ ဗြိတိန်ကုမ္ပဏီများအနေဖြင့် အလျင်အမြန်ကြီးထွားနေသော တရုတ်အီလက်ထရွန်းနစ် ကုန်သွယ်ရေးပလက်ဖောင်းများ(China's fast-growing e-commerce platforms)ကိုအသုံးချ၍ ကုန်စည်ဖြန့်ဖြူးရေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနေကြရကြောင်း ၎င်းက ပြောကြားခဲ့သည်။
Wu ၏အမြင်ကို ထောက်ခံသည့်အနေဖြင့် Shopfever Group Limited ၏ အမှုဆောင်အရာရှိချုပ်(CEO)၊ Molly Ling က တရုတ်နိုင်ငံ၏ ကြီးထွားလာသော အီလက်ထရွန်းနစ်ကုန်သွယ်ရေးစနစ်နှင့် ကောင်းမွန်သော စည်းမျဉ်းစည်းကမ်းပြောင်းလဲမှုများသည် ဗြိတိန်နှင့် ဥရောပအမှတ်တံဆိပ်များအတွက် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းလာစေကြောင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုထက် နှစ်ဆနီးပါးကြီးမားသော၊ ဗြိတိန်နိုင်ငံထက် အနည်းဆုံးလေးဆပိုမိုကြီးမားသော ကမ္ဘာ့အကြီးဆုံးအီလက်ထရွန်းနစ်ကုန်သွယ်ရေးဈေးကွက်(the biggest e-commerce market)ဖြစ်ခဲ့ကြောင်း၊ အမေရိကန်နှင့်နှိုင်းယှဉ်ပါက တရုတ်၏အခွန်အခများလျှော့ချပေးမှုနှင့် ပလက်ဖောင်းအသုံးပြုခ(platform fees)သိသိသာသာနည်းပါးမှုတို့သည် အဓိကအကျိုးရလာဒ်များဖြစ်ကြောင်း Ling က ထောက်ပြခဲ့သည်။
အမေရိကန်ကုန်သွယ်ခွန်စည်းကြပ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများကြားတွင် အခွန်စည်းကြပ်မှုများ၏ အဆိုးရွားဆုံးသက်ရောက်မှုသည် ၎င်းတို့ဖန်တီးသော မသေချာမရေရာမှုဖြစ်ကြောင်း၊ အခွန်များတိုးမြင့်လာခဲ့ပြီး ၎င်းအခွန်များကို ပြန်လည်ဖြတ်တောက်ကာ အမေရိကန်ဖက်ဒရယ်တရားရုံးက အမေရိကန်၏ အခွန်စည်းကြပ်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ဖော်ပြလာသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသည် မတည်ငြိမ်မှုများနှင့် မသေချာမှုများကိုသာ ဖန်တီးပေးပါကြောင်း Forgione က ပြောကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းများအတွက် မသေချာမှုသည် သေခြင်းတရားနှင့် မခြားနားပါကြောင်း၊ ယင်းသည် အစီအစဉ်အားလုံးကို ဖြစ်မလာစေခြင်းကြောင့် အရာအားလုံးရပ်တန့်စေပါကြောင်း၊ မည်မျှကာလကြာမြင့်စွာ ရင်းနှီးမြှုပ်နှံနိုင်မည်၊ ယင်းကာလအတွင်း မည်သည့်အရာများပြောင်းလဲသွားနိုင်မည်ကို မသိရှိရသဖြင့် နိုင်ငံခြားရင်နှီးမြှုပ်နှံမှုချဲ့ထွင်ရန် စွန့်စားခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါကြောင်း John McLean က Forgione ၏အမြင်ကို ထပ်လောင်းအတည်ပြုပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏မူဝါဒတည်ငြိမ်မှုကြောင့် ထင်ရှားကြောင်း၊ လက်ရှိ ကမ္ဘာ့မတည်ငြိမ်မှုများတွင် တရုတ်၏တည်ငြိမ်မှုကို အရှိန်မြှင့်နိုင်သည့် အကျိုးကျေးဇူးများကို မြင်တွေ့ရကြောင်း၊ အခြားသူများအနေဖြင့် တရုတ်နှင့်ကုန်သွယ်ရန် သို့မဟုတ် အနည်းဆုံးတရုတ်ကိုနမူနာယူရန် အချိန်ကျပြီဟု မြင်လာစေကြောင်း၊ ယခုအခါ ကျွန်ုပ်တို့သည် မတည်ငြိမ်သောကမ္ဘာတစ်ခုတွင် နေထိုင်နေကြသော်လည်း တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ငါးနှစ်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်နေဆဲဖြစ်ကြောင်း McLean က ပြောကြားခဲ့သည်။
အခွန်စည်းကြပ်မှုများကြောင့် ဦးစားပေးမှုများပြောင်းလဲလာခြင်းသည် စီးပွားရေးအာရုံစိုက်မှုကို ပြန်လည်ပြောင်းလဲစေပါကြောင်း၊ ဥရောပနှင့် ဗြိတိန်အမှတ်တံဆိပ်များသည် ၎င်းတို့၏အကြီးဆုံးဈေးကွက်ဖြစ်သော အမေရိကန်ကို အဓိကအာရုံစိုက်လေ့ရှိပါကြောင်း၊ သို့သော် ယခုအခါတွင် အခြားဈေးကွက်များကို ကြည့်ရန် ဖိအားပေးခံနေရကြောင်း၊ ယင်းသည် လုပ်ငန်းများအား ဗြိတိန်နှင့် ဥရောပအခြေအနေများနှင့် တရုတ်ဈေးကွက်ကို နားလည်စေရန် အကူအညီဖြစ်စေပါကြောင်း Ling က ပြောကြားခဲ့သည်။
Hawksford UK Services Limited ၏ အပြည်ပြည်ဆိုင်ရာ ဈေးကွက်ဌာနမှူး Winnie Seow Mei က လည်း ရေရှည်အလားအလာများနှင့်ပတ်သက်၍ ယုံကြည်မှုရှိကြောင်း၊ ဗြိတိန်နှင့် တရုတ်တို့အကြား ကုန်သွယ်မှုသည် အမှန်တကယ်တိုးတက်လာသည်ကို တွေ့မြင်ခဲ့ရကြောင်းနှင့် တရုတ်ဈေးကွက်များသို့တိုးချဲ့ရန် ရှာဖွေနေသော ဗြိတိန်အမှတ်တံဆိပ်များ၏ စိတ်ဝင်စားမှုသည် ပြင်းထန်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အရင်းအမြစ်။ https://en.people.cn/n3/2025/0530/c90000-20321817.html