International News

ကုန်သွယ်မှုတွင် အိန္ဒိယ၏ တရုတ်၊ အီးယူတို့အပေါ်မှီခိုမှုသည် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်တွင် မြင့်တက်လာသည်ဟု UNCTAD မှ ပြောကြား

Last Updated:

၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွင်း အိန္ဒိယ၏တရုတ်နှင့်အီးယူအပေါ် ကုန်သွယ်မှုမှီခိုမှုမှာ တိုးမြင့်လာခဲ့ပြီး ဆော်ဒီ အာရေဗျအပေါ် မှီခိုမှုလျော့ကျလာကြောင်း ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့(UNCTAD)က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

UNCTAD ၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအစီရင်ခံစာတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှာ အပြုသဘောဆောင်လျက်ရှိကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတိုးတက်မှုကို တရုတ်၊ အိန္ဒိယနှင့် အမေရိကန်တို့၏တင်ပို့မှုတိုးမြင့်လာမှုက ဦးဆောင်ခဲ့ပြီး ဥရောပနှင့် အာဖရိကတို့က တင်ပို့မှုများလျော့နည်းခဲ့ကြောင်းဖော်ပြထားသည်။

အစီရင်ခံစာအရ အီးယူနှင့်တရုတ်တို့အပေါ် အိန္ဒိယ၏ကုန်သွယ်မှုမှီခိုမှုသည် ၁% နှင့် ၁.၂% အသီးသီးတိုးလာပြီး ဆော်ဒီအာရေးဗီးယားသည် ယခုသုံးလပတ်တွင် ၀.၅% ကျဆင်းသွားသည်။

၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတိုးတက်မှုသည် အဓိကအားဖြင့် တရုတ်(၉%)၊ အိန္ဒိယ(၇%)နှင့် အမေရိကန်(၃%)တို့၏တင်ပို့မှု တိုးမြင့်လာမှုကြောင့်ဖြစ်ကြောင်း၊ဆန့်ကျင်ဘက်အနေဖြင့် ဥရောပ၏တင်ပို့မှုမှာ တိုးတက်မှုမရှိခဲ့ဘဲ အာဖရိက၏ တင်ပို့မှုမှာ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

တင်ပို့မှုအပိုင်းတွင် တရုတ်နှင့် အိန္ဒိယတို့သည် ယခင် ၃ လပတ်နှင့်နှိုင်းယှဉ်ပါက အလွန်ကောင်းမွန်သော တင်ပို့မှုရလဒ်များကို ပြသခဲ့ကြောင်း UNCTAD က ပြောကြားထားသည်။၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် South-South ကုန်သွယ်မှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကုန်သွယ်မှုထက် သာလွန်ခဲ့သည်။

လက်ရှိ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည် အပြုသဘောဆောင်လာပြီး ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်တွင် ကုန်စည်ကုန်သွယ်မှုသည် ယခင် ၃ လပတ်နှင့်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းခန့်တိုးတက်ခဲ့ကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်မှုသည် ယခင် ၃ လပတ်နှင့်နှိုင်းယှဉ်ပါက ၁.၅ ရာခိုင်နှုန်းခန့်တိုးတက်ခဲ့ကြောင်း UNCTAD မှ ပြောကြားထားသည်။

ကုန်သွယ်မှုတိုးတက်မှုသည် ကဏ္ဍအလိုက်ကွဲပြားခြားနားပြီး Green Energy နှင့် AI ဆက်စပ်သောထုတ်ကုန်များ ပိုမိုတိုးတက်မှုရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ယခုအခါ UNCTAD သည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ကုန်သွယ်မှုပိုမိုအားကောင်းလာမည်ဟု အပြုသဘော ဆောင်ခန့်မှန်းထားပြီး၊  ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွက် ခန့်မှန်းခြေ ၂% တိုးလာမည်ဟု ခန့်မှန်းထားသည်။ ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်နှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ကုန်စည်ကုန်သွယ်မှုတွင် ဒေါ်လာ ၂၅၀ ဘီလီယံဝန်းကျင်နှင့် ဝန်ဆောင်မှုကုန်သွယ်မှုတွင် ဒေါ်လာ ၁၀၀ ဘီလီယံခန့်တိုးလာမည်ဟု မျှော်လင့်ရကြောင်း၊ ကုန်သွယ်မှုအခြေအနေ ဆက်လက်ကောင်းမွန်နေပါက ၂၀၂၄ ခုနှစ်တွင်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည် ဒေါ်လာ ၃၂ ထရီလီယံနီးပါးအထိ ရောက်ရှိနိုင်သော်လည်း ၎င်းသည် ၂၀၂၂ ခုနှစ်တွင်တွေ့မြင်ရသည့် ၎င်း၏စံချိန်သစ်ကို ကျော်လွန်ရန် မဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်အတွက် ကုန်သွယ်မှုအလားအလာသည် အပြုသဘောဆောင်နေသော်လည်း ပထဝီဝင်နိုင်ငံရေးပြဿနာများနှင့်စက်မှုလုပ်ငန်းမူဝါဒများသည် ကမ္ဘာ့ကုန်သွယ်မှုပုံစံများကို ဆက်လက်ပုံဖော်နေဦးမည်ဖြစ်ကြောင်း UNCTAD ကပြောကြားထားသည်။

Source: India’s trade dependence on China, Eu rose in Q1 of 2024, says, UNCTAD, The Economic Times, 2 July 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News