International News

အိန္ဒိယနိုင်ငံတွင် မိုးရွာသွန်းမှုများပြားခြင်း၊ အချိန်အခါမဟုတ် စိုက်ပျိုးခြင်းများသည် အချို့သော မိုးရာသီကောက်ပဲသီးနှံများကို ထိခိုက်နိုင်ဖွယ်ရှိ

Last Updated:

အိန္ဒိယမိုးလေဝသဌာနက မိုးနှောင်းပိုင်းတွင်ပုံမှန်ထက်မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းချက်အရ အစိုဓာတ်များပြားပြီး မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲပုတ်အထွက်နှုန်းများအပေါ် သက်ရောက်မှုများရှိမည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိ ကြောင်း၊ မိုးဦးနောက်ကျသဖြင့် စိုက်ပျိုးမှုနောက်ကျခြင်း၊ သီးနှံများရိတ်သိမ်းချိန်တွင် သို့မဟုတ် ပန်းပွင့်ချိန်နှင့် အဖူးထွက်ချိန်တို့တွင် မိုးများလိုအပ်သည်ထက် ပိုမိုရွာသွန်းခြင်းတို့သည် ပဲတီစီမ်း၊ မတ်ပဲ၊ ပဲပုတ်နှင့် ဝါသီးနှံများကို ထိခိုက်နိုင်သကဲ့သို့ အထွက်နှုန်းကိုလည်း သိသိသာသကျဆင်းစေနိုင်ကြောင်း၊သို့ရာတွင် ယခုနှစ်၌ မတ်ပဲနှင့်ပဲစဉ်း ငုံများ ဈေးကောင်းရရှိမှုကြောင့် စိုက်ပျိုးဧကများကြီးမားစွာတိုးလာမည်ဟု ပဲလုပ်ငန်းရှင်များက မျှော်လင့်လျက်ရှိ ကြောင်း သိရှိရပါသည်။

အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း(IPGA)ကော်မတီဝင် B Krishnamurthy က ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုပုံမှန်ရရှိပါက မတ်ပဲအထွက်နှုန်းကောင်းရန် မျှော်လင့်နိုင်ပါကြောင်း၊ သို့ရာတွင် ရိတ်သိမ်းချိန်၌ မိုးအလွန်အကျွံရွာသွန်းပါက သီးနှံအရည်အသွေးကို ထိခိုက်နိုင်ကြောင်း၊ ယခင်အတွေ့အကြုံအရ စိုက်ဧကတိုးလာရုံမျှဖြင့် အထွက် နှုန်းကို အာမခံနိုင်မည်မဟုတ်ကြောင်း၊ အစိုးရအေဂျင်စီများ၏ စိုက်ပျိုးဧကအချက်အလက်များမှာ အားတက်စရာဖြစ်ပြီး စျေးနှုန်းများကျလာရန် မျှော်လင့် နေကြောင်း ပြောကြားထားသည်။

လာနီနာဖြစ်ရပ်များအကြိမ်ရေတိုးလာခြင်းသည် အိန္ဒိယနိုင်ငံ၏ မုတ်သုံမိုးရွာသွန်းမှုပုံစံအပြောင်းအလဲများနှင့်ဆက်စပ်နေပါကြောင်း၊ လာနီနာနှစ်တွင် မိုးနှောင်းပိုင်း၌ မိုးရွာသွန်းမှုများ ပိုမိုများပြားမည်ဟု မိုးလေဝသပညာရှင်များက ပြောကြားထားကြောင်း၊ ယခုနှစ်တွင် လာနီနာက ဇူလိုင်လတွင် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ လာနီနာကာလတွင် စက်တင်ဘာလ၌ မိုးရွာသွန်းမှုအားကောင်းပြီး ပုံမှန်အားဖြင့် အောက်တိုဘာလရက်သတ္တပတ်အနည်းငယ်အထိ ကြာမြင့်တတ်ကြောင်း Earth Science ဝန်ကြီးဌာန အတွင်းရေးမှူးဟောင်း M Rajeevan က ပြောကြားထားသည်။

သို့ဖြစ်ပါ၍ အိန္ဒိယ၌ ယခုနှစ်တွင် ပဲစဉ်းငုံနှင့် မတ်ပဲများတိုးမြှင့်စိုက်ပျိုးလာကြသော်လည်း လာနီနာရာသီဥတုကြောင့် မိုးနှောင်းကာလတွင် မိုးရွာသွန်းမှုများပြားပြီး သီးနှံအထွက်နှုန်းအပေါ် သက်ရောက်မှုများရှိလာမည်ကို စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။

Source: Excess rainfall, untimely sowing likely to hit some kharif crops, The Economic Times, 29 June, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News