International News

ရုရှားမှ ဒီဇယ်ဆီတင်ပို့မှုကို တားမြစ်ရန် မလိုအပ်

Last Updated:

ရုရှားနိုင်ငံအတွင်း လက်လီစက်သုံးဆီဈေးကွက်အခြေအနေသည် တည်ငြိမ်နေပြီး နွေရာသီအတွက် ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် ပမာဏအလုံအလောက် သိုလှောင်ထားသဖြင့် ဒီဇယ်ဆီတင်ပို့မှုကို တားမြစ်ရန်မလိုအပ်ကြောင်း ရုရှားနိုင်ငံ ၏ဖက်ဒရယ်ပြိုင်ဆိုင်မှုဆိုင်ရာ ကာကွယ်ရေးဝန်ဆောင်မှုဌာန(Federal Antimono poly Service-FAS) က ပြောကြားခဲ့သည်။

ရုရှားအစိုးရသည် မျိုးစေ့ချရာသီအပါအဝင် ဝယ်လိုအားတိုးလာနေသည့်ကာလအတွင်း စျေးကွက်ကိုဟန်ချက်ညီစေရန် အခြားနိုင်ငံများသို့ ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို နွေရာသီလကုန်၊ ဩဂုတ်လအထိ သတ်မှတ်ထားသည်။

သို့သော် ရေနံချက်စက်ရုံများနှင့် ၎င်းတို့ပိုင်ဆိုင်သည့် ရေနံကုမ္ပဏီများကို စက်သုံးဆီတင်ပို့ခွင့်ပြုမည်ဖြစ်သည်။ ယင်းသို့ဆုံးဖြတ်ခြင်းသည် ပြည်တွင်းဈေးကွက်တွင် တည်ငြိမ်သောအခြေအနေကို ထိန်းသိမ်းရန်နှင့် ရေနံချက်လုပ်ငန်းကို ပံ့ပိုးပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနသည် စက်တင်ဘာနှင့် အောက်တိုဘာလများအထိ ယင်းတားမြစ်ချက်ကို သက်တမ်းတိုးရန် အစိုးရအား အဆိုပြုထားပြီး ယင်းအစီအစဉ်ကို ဆက်လက်ကျင့်သုံးနိုင်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Alexander Novak က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ရုရှားအစိုးရသည် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန် ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို လိုအပ်သလိုကန့်သတ်လျက်ရှိပြီး ဒီဇယ်ဆီတင်ပို့မှုကို တားမြစ်ထားခြင်းမရှိကြောင်း သိရသည်။

Source :        https://tass.ru/ekonomika/24024401

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News