ထိုင်းနိုင်ငံ၌ ပြည်တွင်းသစ်သီးစားသုံးမှုကို မြှင့်တင်ရန်ရည်ရွယ်၍ ထိုင်းသစ်သီးပွဲတော် ဇွန်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ထိ Siam Square တွင် ကျင်းပသွားရန် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါပွဲတော်သည် သစ်သီးထွက်ရှိသည့် တောင်သူများထံမှ လုပ်ငန်းရှင်များထံသို့ လတ်ဆတ်နှင့် ပြုပြင်ပြီးသစ်သီးများကို တိုက်ရိုက်ပြသရောင်းချသွားမည်ဖြစ် ကြောင်း၊ လူငယ်စားသုံးသူများနှင့် နိုင်ငံခြားခရီးသွားများကိုဆွဲဆောင်ရန် ဒူးရင်းသီး ဘူဖေးပါဝင်မည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ပြည်တွင်းသစ်သီးစားသုံးမှုကို အားပေးလိုပြီး တောင်သူများအတွက် သစ်သီးခူးဆွတ်ရာသီတွင် ဝင်ငွေတိုးမြှင့်စေရန်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ဇွန်လ ၄ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ လက်လီလက်ကားရောင်းချသည့် စတိုးဆိုင်များတွင် ရာသီပေါ်သစ်သီးများရောင်းချပေးမည့် လှုပ်ရှားမှုတစ်ရပ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားသောပုဂ္ဂလိကအဖွဲ့အစည်းများဖြစ်သည့် ဓာတ်ငွေ့အရောင်းဆိုင်များကလည်း သစ်သီးအများဆုံးထွက်ရှိသည့် ရာသီတွင် သစ်သီးများကို ဝယ်ယူ၍ ၎င်းတို့၏ ဈေးဝယ်သူ များသို့ လက်ဆောင်အဖြစ်ပေးခြင်းဖြင့် ထောက်ပံ့ပေးကြကြောင်း ဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် Mr. Wittayakorn Maneenetr က ပြောကြားခဲ့သည်။
ထို့ပြင် ဦးစီးဌာနသည် တောင်သူများအတွက် ကုန်ကျစရိတ်လျှော့ချပေးရန်ရည်ရွယ်၍ သစ်သီးခူးဆွတ်သည့်နေရာများတွင် သစ်သီးပုံး ၃၀၀,၀၀၀ ကိုဖြန့်ဝေပေးသွားရန် စီစဉ်ထားကြောင်း၊ထိုင်းစာတိုက်လုပ်ငန်းက အော့ဖ်လိုင်းနှင့် အွန်လိုင်းရောင်းချမှုများတွင် ထောက်ပံ့ပို့ဆောင်ရေးတွင် အကူအညီပေးပါကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံအရှေ့ပိုင်းမှ ဒူးရင်းသီးများဈေးကွက်အတွင်း ရောက်ရှိနေပြီး တရုတ်နိုင်ငံက ဓာတ်ကြွင်းစစ်ဆေးမှုကို လျှော့ချပေးမှုကြောင့် ပိုကုန်အခြေအနေလွယ်ကူနေသဖြင့် ဈေးနှုန်းမြင့်တက်နေပါကြောင်း၊ ဒူးရင်းသီးအဆင့် AB သည် ၁ ကီလို ဂရမ်လျှင် ၁၃၀ ဘတ်၊ အဆင့် C သည် ၁ ကီလိုဂရမ်လျှင် ၉၃ ဘတ်နှင့် အဆင့် D သည် ၁ ကီလိုဂရမ်လျှင် ၇၉ ဘတ်အသီးသီးဖြစ်ကြောင်း သိရှိရပါသည်။
မင်းဂွတ်သီး ၅၀ ရာခိုင်နှုန်းခန့်သည် ခူးဆွတ်ပြီးဖြစ်ရာ ဈေးနှုန်းသည် အရည် အသွေးပေါ်မူတည်၍ ၁ ကီလိုဂရမ်လျှင် ဘတ် ၃၀ မှ ဘတ် ၈၉ ထိအသီးသီးရှိကြောင်း၊ ကြက်မောက်သီးသည်လည်း ၅၀ ရာခိုင်နှုန်းခန့်ကို ခူးဆွတ်ပြီးဖြစ်သကဲ့သို့ ပို့ကုန်ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၃၈ ဘတ်ရှိပြီး ပြည်တွင်းရောင်းဈေးမှာ ၂၇ ဘတ်ဖြစ်ကြောင်း၊ ယခုနှစ်တွင် သရက်သီးထွက်ရှိမှုသည် များသဖြင့် ဝယ်ယူသူနှင့် တောင်သူများအကြား ဈေးနှုန်းသက်သာသောဖြန့်ချိရေးနည်းလမ်းများဖြင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊တောင်သူများထံမှ တိုက်ရိုက်ရရှိလာသော သစ်သီး များကို ဖျော်ရည်အဖြစ် ကြိတ်ခွဲပေးသည့် Forth Vending များလည်ပတ်စေခြင်းနှင့် AirAsia နှင့်ဆွေးနွေး၍ တောင်သူများထံမှ သရက်သီးများဝယ်ယူပေးရန် ဆွေးနွေးခဲ့ကြောင်း Mr. Wittayakorn က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)