လာအိုနိုင်ငံတွင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့နှင့်ချိတ်ဆက်ပေးမည့် ကုန်သွယ်ရေး စင်္ကြံသစ်တစ်ခုဖြစ်သော Route R12 ကို တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Route R12 လမ်းသည် ထိုင်းနိုင်ငံ နခွန်ပနွမ်နယ်စပ်စစ်ဆေးရေးဂိတ်မှ ၁၇ ကီလို မီတာအကွာရှိ Khammouane ၏ Laotian ပြည်နယ်ရှိ Thakhet မြို့မှ စတင်မည်ဖြစ်ပြီး Yommalath နှင့် Bou-alapha မြို့တို့သို့ ချိတ်ဆက်ပြီးနောက် ဗီယက်နမ်၏ Quang Binh ပြည်နယ်ရှိ Cha Lo စစ်ဆေးရေးဂိတ် မျက်နှာချင်းဆိုင် လာအိုရှိ Napao နယ်စပ်စစ်ဆေးရေးဂိတ်တွင် အဆုံးသတ်မည်ဖြစ်ရာ စုစုပေါင်းအရှည်သည် ၁၄၇ ကီလိုမီတာရှိကြောင်း၊အဆိုပါအမြန်လမ်းသည် ထိုင်းနှင့်ဗီယက်နမ်တို့အကြား ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရန် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသကဲ့သို့ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ချိတ်ဆက်မည့် အခြားသောလမ်းအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလမ်းသည် နခွန်ပနွမ်မှ ဗီယက်နမ်သို့ မော်တော်ကားဖြင့်သွားမည်ဆိုပါက ကြာချိန် လက်ရှိ ၁၀ နာရီမှ ၄ နာရီသို့ လျှော့ချပေးမည်ဖြစ် ကြောင်း၊ လုပ်ငန်းစတင်လည်ပတ်ချိန် ပထမနှစ်တွင် အမြန်လမ်းမှ ထိုင်းနိုင်ငံ GDP သို့ ဘတ် ၁.၅၁ ဘီလီယံထိပါဝင်နိုင်မည်ဟုခန့်မှန်းထားပြီး ဒုတိယနှစ်မှစ၍ ပဥ္စမ နှစ်အထိ နှစ်စဉ် ဘတ် ၂.၈၄ ဘီလီယံထိပါဝင်နိုင်မည်ဖြစ်ကြောင်း Neighbouring Countries Economic Develop-ment(NEDA) ဥက္ကဋ္ဌ Mr. Pearmas Vudthitornetiraks က သုံးသပ်ပြောကြားခဲ့သည်။
Cha Lo စစ်ဆေးရေးဂိတ်မှ တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ်ရှိ နန်နင်းသို့ ၇၀၀ ကီလို မီတာမှ ၇၅၀ ကီလိုမီတာကွာဝေးသဖြင့် မော်တော်ကားကိုအသုံးပြုပါက ၁၂ နာရီမှ ၁၄ နာရီကြာမြင့်ပါကြောင်း၊ NEDA သည် လာအိုအစိုးရကို အတိုးနှုန်းနည်းသောချေးငွေနှုန်း ၁.၇၅ ရာခိုင်နှုန်းဖြင့်ချေးမည်ဖြစ်ပြီး တည်ဆောက်ရေးအတွက် ချေးငွေ ပမာဏမှာ ဘတ် ၁.၇၄ ဘီလီယံဖြစ်ကြောင်း၊ ဆိုင်းငံ့ကာလ ၇ နှစ် အပါအဝင် ပြန်ဆပ်ကာလသည် နှစ် ၃၀ ဖြစ်ကြောင်း၊ လမ်းတည်ဆောက်ခြင်းလုပ်ငန်းစဉ်ကို မိုးရာသီကာလကုန်လွန်မှသာ စတင်မည်ဖြစ်ပြီး တည်ဆောက်ချိန်လပေါင်း ၃၀ ကြာမြင့်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးတွင် လမ်းကို အာဆီယံအမြန်လမ်းစံနှုန်းများသို့ အဆင့်မြှင့်တင်ခြင်း၊ နယ်စပ်စစ်ဆေးရေးဂိတ်အဆောက်အဦများ အဆင့်မြှင့်တင်ခြင်း၊ ရုံးခန်းများ၊ ကုန်သေတ္တာလွှဲပြောင်းသည့်ရုံများ၊ သိုလှောင်ရုံများ၊ အများပြည်သူသုံးအရာများနှင့် နယ်စပ်ဆိုင်ရာအဆောက်အဦများပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် လမ်းဆုံများတွင် လမ်းမီးများ၊ အန္တရာယ်များသောနေရာများတွင် လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများထည့်သွင်းခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လွန်ခဲ့သောဆယ်စုနှစ် ၂ ခုကျော်က NEDA သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ဘူတန်၊ သီရိလင်္ကာနှင့် တီမောလက်စတေတို့ကို တရားဝင်ဖွံ့ဖြိုးမှုအကူအညီများပေးအပ်ခဲ့ကြောင်း၊ရန်ပုံငွေ ဘတ် ၂၄.၂ ဘီလီယံဖြင့် ဘဏ္ဍာငွေပေးအပ်သည့် စီမံကိန်းနှင့် နည်းပညာအကူအညီစီမံ ကိန်း ၅၅ ခုတို့ဆောင်ရွက်ခဲ့ပြီး စွမ်းဆောင်ရည်မြှင့်တင်သည့် စီမံကိန်း ၄၈ ခုကို ဘတ် ၃၇ သန်းဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ NEDA သည် ၎င်း၏ဦးတည်မှုကို အနာဂတ်လုပ်ငန်းလည်ပတ်မည့် ပုံစံဖြစ်သော နယ်စပ်ဖြတ်ကျော်တန်ဖိုးဖန်တီးခြင်းသို့ ပြောင်းလဲခဲ့ရာ နယ်စပ်ဖြတ်ကျော်စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ နယ်စပ်ဖြတ်ကျော်လူမှုရေးဆိုင်ရာ ဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော်ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုလျှော့ချခြင်းစသည့် မဏ္ဍိုင် ၃ ခု ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Perames က ဖြည့်စွက် ပြောကြားခဲ့သည်။
ယခုချဉ်းကပ်သည့် နည်းလမ်းသည် ထိုင်းနိုင်ငံအစိုးရ၏ နှစ် ၂၀ နိုင်ငံအဆင့် မဟာ ဗျူဟာ(၂၀၂၁-၂၀၄၀)ပါရည်မှန်းချက်များကို ပြည့်မီစေမည့် NEDA ၏ ၂၀၂၆-၂၀၃၀ အတွက် ကာလလတ်မဟာဗျူဟာအစီအစဉ်နှင့်ကိုက်ညီပါကြောင်း၊ ဘဏ္ဍာငွေရင်းမြစ်အနေဖြင့် NEDA သည် လူမှုရေးစာချုပ်များ(Social Bonds)များကို ယခုနှစ် တတိယ ၃ လပတ်တွင် ထုတ်ပေးမည်ဖြစ်ရာ ယင်းစာချုပ်များမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် အိမ်နီးချင်းနိုင်ငံများရှိ မမျှတမှုကို စဉ်ဆက်မပြတ်လျှော့ချမှုစသည့် လူမှုရေးအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော လာအိုနိုင်ငံမှ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နှင့်တရုတ်နိုင်ငံတို့သို့ချိတ်ဆက်ပေးရန် ရည်ရွယ်ဖောက်လုပ်မည့်လမ်းသည် ကုန်သွယ်ရေးကို ပိုမိုချောမွေ့စေပြီး အချိန်ကုန်သက်သာစေခြင်းဖြင့် လမ်းတစ်လျှောက်ရှိ လူမှုစီးပွားဘဝများမြင့်တက်လာနိုင်မည်ဖြစ်ပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)