တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ်၌ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးအတွက် သီးသန့်ပြဋ္ဌာန်းထားသော ပထမဆုံးဥပဒေစတင်အသက်ဝင်ခဲ့ပြီးနောက် ပုဂ္ဂလိကကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်များကောင်းမွန်လာခဲ့ကြောင်း တရုတ်နိုင်ငံစျေးကွက်ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ ဈေးကွက်ကြီးကြပ်ကွပ်ကဲမှုစီမံခန့်ခွဲရေးအဖွဲ့(SAMR)မှ ကျန်းသောက်ယန်(Zhang Daoyang)က "ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးဥပဒေ"(Private Sector Promotion Law)အသက်ဝင်ခဲ့သည့် တစ်နှစ်တာကာလအတွင်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် မူဝါဒဆိုင်ရာလုပ်ငန်းစဉ်ပေါင်းများစွာကို စတင်ဆောင်ရွက်ခဲ့ကြောင်း ယင်းတို့အနက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးမည့်လုပ်ငန်းစဉ် ၂၂ ခုနှင့် ၂၀၂၆ ခုနှစ်အတွင်း အဆိုပါကဏ္ဍတိုးတက်မှုကို ရည်မှန်းထားသည့် အဓိကလုပ်ငန်းတာဝန် ၃၄ ခုတို့ပါဝင်ကြောင်းဖြင့် ပြောကြားခဲ့ပါကြောင်း ဖော်ပြထားပါသည်။
တရားမျှတသော ဈေးကွက်ပြိုင်ဆိုင်မှုဖြစ်ပေါ်စေရန်အတွက် ကြီးကြပ်ရေးအဖွဲ့သည် ဈေးကွက်အတွင်းသို့ ဝင်ရောက်ခွင့်ကန့်သတ်ထားသည့်စာရင်း(Negative List)ကို ၁၀၆ ခုအထိလျှော့ချခဲ့ပြီး၊ ဈေးကွက်ဝင်ရောက်မှုအတားအဆီးများ၊ ထုတ်လုပ်မှုအင်အားစုစျေးကွက်များ (Factor Markets)နှင့် ဈေးကွက်လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေး(Anti-monopoly)လှုပ်ရှားမှုများကို စတင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၅ ခုနှစ်အတွင်း မတရားသဖြင့် စျေးကွက်ပြိုင်ဆိုင်မှုဆိုင်ရာ အမှုပေါင်း ၁၄,၆၀၀ နီးပါးကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး၊ ကုန်အမှတ်တံဆိပ်နှင့် မူပိုင်ခွင့်ချိုးဖောက်မှုအမှုပေါင်း ၃၀,၀၀၀ ကျော်ကိုစုံစမ်းစစ်ဆေးခဲ့သည့်အပြင်၊ စီးပွားရေးလုပ်ငန်းများအပေါ် မတရား သဖြင့် အခကြေးငွေများကောက်ခံနေမှုကိုလည်းနှိမ်နင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ဆန်းသစ်တီထွင်မှုများကိုပံ့ပိုးကူညီရန်အတွက် တစ်နေရာတည်း တွင် နည်းပညာဝန်ဆောင်မှုအပြည့်အစုံပေးနိုင်သော(One-stop technical service)စင်တာပေါင်း ၃,၀၀၀ ကျော်ကို တည်ထောင်ခဲ့ကြောင်း စီမံခန့်ခွဲရေးအဖွဲ့၏ပြောကြားချက်အရ အရည်အသွေးအာမခံချက်ရှိသော လုပ်ငန်းများအား ဘဏ္ဍာငွေထောက်ပံ့ပေးမှုစနစ်(Quality-backed financing)ကြောင့် ကုမ္ပဏီပေါင်း ၄၀,၀၀၀ ကျော်သည် ယွမ် ဘီလီယံ ၃၀၀(အမေရိကန်ဒေါ်လာ ၄၃.၉ ဘီလီယံခန့်)ထက်မနည်းသောချေးငွေများကို ရရှိခဲ့ပါကြောင်း ပုဂ္ဂလိကကဏ္ဍ၏ တိုးတက်မှုအရှိန် အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် ပုဂ္ဂလိကစီးပွားရေးဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းဖြင့် SAMR က ထုတ်ပြန်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။
ပုဂ္ဂလိကကဏ္ဍသည် တရုတ်နိုင်ငံ ဂျီဒီပီ(GDP)၏ ၆၀ ရာခိုင်နှုန်းကျော်ကိုပံ့ပိုးပေးထားပြီး ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်တွင် စတင်အသက်ဝင်ခဲ့သော ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးဥပဒေသည် ကဏ္ဍတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်စေရန်၊ တရားမျှတသော ဈေးကွက်ပြိုင်ဆိုင်မှုကို သေချာစေရန်နှင့် ပုဂ္ဂလိကစီးပွားရေးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ တိုးတက်ကြီးပွားလာစေရန်ရည်ရွယ် ထားပါကြောင်းဖြင့် ဖော်ပြထားပါသည်။
Source:https://english.www.gov.cn/news/202605/19/content_WS6a0c6f5cc6d00ca5f9a0b1a6.html
(ဒေါက်တာခင်စံသာဝင်း၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)