International News

တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးမှုရလဒ်များကို တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသေးစိတ်ထုတ်ပြန်ခဲ့

Last Updated:

မေ ၁၂ ရက်မှ ၁၃ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပခဲ့သည့် တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲမှရရှိခဲ့သော ကနဦးရလဒ်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက နှစ်နိုင်ငံသည် တစ်ဖက်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံနှင့်အထက်တန်ဖိုးရှိသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်အပြန်အလှန်လျှော့ချရေးမူဘောင်အစီအစဉ်ကို ကုန်သွယ်ရေးကောင်စီအောက်တွင် ဆွေးနွေးရန်မူအားဖြင့် သဘောတူညီခဲ့ကြကြောင်း၊ ဆွေးနွေးမှုတွင် စိုက်ပျိုးရေးထုတ်ကုန်ကုန်သွယ်မှု၊ မြေရှားသတ္တု(Rare Earth)တင်ပို့မှုထိန်းချုပ်ရေးနှင့် လေယာဉ်အရောင်း အဝယ်ကိစ္စရပ်များလည်းပါဝင်ဆွေးနွေးခဲ့ကြောင်းဖြင့် ပြောကြားခဲ့ပါကြောင်း ဖော်ပြထားပါသည်။

နှစ်ဦးနှစ်ဖက်အပြန်အလှန်အလေးထားရမည့်ယင်းကုန်ပစ္စည်းများသည် အထူးအခွင့်အရေးပေးနိုင်ငံ(Most-Favored-Nation)အကောက်ခွန်နှုန်း ထားများ သို့မဟုတ် ယင်းထက်ပိုမိုသက်သာသော အကောက်ခွန်နှုန်း ထားများအား ခံစားခွင့်ရရှိရန် မျှော်မှန်းထားပါကြောင်း နှစ်ဖက်စလုံးမှ စီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့များသည် အနီးကပ်ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး သီးခြားအစီအမံများချမှတ်ကာ လုပ်ငန်းစဉ်များကိုစောစီးစွာအကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးသွားမည်ဖြစ်ပါကြောင်း  ဖြည့်စွက်ပြောကြားခဲ့ပါသည်။

မြေရှားသတ္တုနှင့် အခြားအရေးကြီးတွင်းထွက်ပစ္စည်းများအပေါ် တင်ပို့မှုထိန်းချုပ်ခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ကျင့်သုံးနေခြင်းဖြစ်သကဲ့သို့ အရပ်ဘက်သုံးအတွက် စည်းမျဉ်းနှင့်ကိုက်ညီသော လိုင်စင်လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်းဖြင့် အဆိုပါကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ကြောင်းဖြင့် ဖော်ပြထားပါ သည်။

ဆွေးနွေးပွဲ၏ အခြားရလဒ်တစ်ခုအနေဖြင့် တရုတ်နိုင်ငံသည် လေကြောင်းသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာမူဝါဒများနှင့်အညီ ဘိုးအင်း(Boeing) လေယာဉ်အစင်းရေ ၂၀၀ ကိုဝယ်ယူမည်ဖြစ်ကြောင်း တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံဘက်မှလည်း တရုတ်နိုင်ငံအတွက် လေယာဉ်အင်ဂျင်များနှင့် အပိုပစ္စည်းများကို လုံလောက်စွာ ထောက်ပံ့ပေးရန် အာမခံချက်ပေးရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံစိုက်ပျိုးရေးကုန်သွယ်မှုနှင့်ပတ်သက်ပြီး အမေရိကန်မှ စိုက်ပျိုးရေးထွက်ကုန်များတင်သွင်းခြင်းသည် တရုတ်ပြည်တွင်းဈေးကွက်ရှိ ဝယ်လိုအားနှင့် ထောက်ပံ့မှုဆိုင်ရာ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အပြင်၊ စားသုံးသူများအတွက် စားသောက်ကုန်များကို စုံလင်စွာရွေးချယ်ခွင့်ရရှိစေပါကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ စားသုံးသူဈေးကွက်သည် အမေရိကန်စိုက်ပျိုးရေးသမားများအတွက် တည်ငြိမ်သောဝင်ငွေကို ရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ အထူးထွက်ကုန်များဖြစ်သည့် နို့ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီး ဝလံများသည်လည်း အမေရိကန်ဈေးကွက်တွင် အလားအလာရှိသော ဝယ်လိုအား အခိုင်အမာရှိနေပါကြောင်းဖြင့် အဆိုပါတာဝန်ရှိသူမှ ဖြည့်စွက်ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက် နှစ်ဖက်စလုံးသည် စိုက်ပျိုးရေးကဏ္ဍတွင် အပြုသဘောဆောင်သော ရလဒ်များရရှိခဲ့ပြီး၊ စိုက်ပျိုးရေးထွက်ကုန်များ အပြန်အလှန်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ ကိစ္စရပ်အပေါ်နားလည်မှုဆိုင်ရာ သဘောတူညီချက်အများအပြားရရှိခဲ့ပါကြောင်း အမေရိကန်အမဲသားလုပ်ငန်းများမှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံစိုက်ပျိုးရေးကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထား၍၊ အရည်အသွေးမြင့် အမေရိကန်စိုက်ပျိုးရေးထွက်ကုန်များ တရုတ်ဈေးကွက်သို့ဝင်ရောက်လာခြင်းကို ကြိုဆိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း ဆက်လက်ဖော်ပြထားပါသည်။

Source; https://en.people.cn/n3/2026/0520/c90000-20458547.html

(ဒေါက်တာခင်စံသာဝင်း၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: International News