International News

ရုရှားနှင့် တရုတ်တို့သည် ဆန်စပါးစိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်အလားအလာရှိ

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အရှေ့ဖျားဒေသနှင့် တရုတ်နိုင်ငံ၊ အရှေ့မြောက်ဒေသတို့၏ အချို့သောနေရာများတွင် စိုက်ပျိုးရေးနယ်ပယ်ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်နှင့် တရုတ်သိပ္ပံအကယ်ဒမီအဖွဲ့ဝင် Mr. Xie Huaan က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရုရှားဒေသများသည် စပါး(ဆန်လုံးတို-short grain rice)များစိုက်ပျိုးရန် သင့်လျော်ကြောင်း၊ ဆန်စပါးကဏ္ဍသည် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များထဲမှ တစ်ခုဖြစ်ကြောင်း၊ ထို့အပြင် ပဲပုပ်နှင့် ပြောင်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း Mr. Xie Huaan က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ Heilongjiang ပြည်နယ်အပါအဝင် မြောက်ဘက်တွင်(ရုရှားအရှေ့ဖျားဒေသ)စပါး(ဆန်လုံးတို)ကို စိုက်ပျိုးလေ့ရှိပြီး တောင်ဘက်တွင် စပါး(ဆန်လုံးရှည်-Long grain rice)ကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Maxim Reshetnikov သည် ၂၀၃၀ ပြည့်နှစ်တွင် ရုရှားနှင့် တရုတ်ကြားကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုကို သိသိသာသာတိုးချဲ့ရန်စီစဉ်နေကြောင်းလည်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၁ သန်းခန့်သုံးစွဲလျက်ရှိပြီး ထိုအထဲမှ တန်ချိန် ၂၀၀,ဝဝဝ ခန့်သည် ဆန်လုံးရှည်များဖြစ်ပါသည်။ ရုရှားနိုင်ငံ၌ ဆန်လုံးတိုသည် ပြည်တွင်းစားသုံးရန်အတွက် လုံလောက်စွာစိုက်ပျိုးထွက်ရှိ သော်လည်း ဆန်လုံးရှည်သည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိပါ။ ရုရှားနိုင်ငံသို့ ဆန်လုံးရှည်အဓိကတင်ပို့လျက်ရှိသော နိုင်ငံများမှာ အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။

Source :    https://tass.ru/ekonomika/20980923

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News