International News

ဂျပန်နိုင်ငံသည် စီးပွားရေးအတွက်အရေးပါသည့်ကဏ္ဍ ၁၇ ခုတွင် အမေရိကန်ဒေါ်လာ ၂.၃ ထရီလီယံရင်းနှီးမြှုပ်နှံသွားမည့် စီမံကိန်းရေးဆွဲလျက်ရှိ

Last Updated:

ဂျပန်နိုင်ငံသည် စီးပွားရေးအတွက်အရေးပါသည့်ကဏ္ဍ ၁၇ ခုတွင် အမေ ရိကန်ဒေါ်လာ ၂.၃ ထရီလီယံရင်းနှီးမြှုပ်နှံသွားမည့် စီမံကိန်းရေးဆွဲလျက်ရှိကြောင်း The Nikkei Asia သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan maps $2.3tn investment plan across 17 strategic sectors” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်လာရန်နှင့် အမျိုးသားလုံခြုံရေးကာကွယ်ရန် ချမှတ်ခဲ့သည့်နှစ်ရှည်မဟာဗျူဟာတွင် ဉာဏ်ရည်တုနည်းပညာ၊ Quantum technology၊ စွမ်းအင်၊ ဆေးဝါးနှင့် ဖျော်ဖြေရေးကဏ္ဍတို့အပါအဝင် အရေးပါသည့်ကဏ္ဍ ၁၇ ခုပါဝင်ကြောင်း၊ အဆိုပါကဏ္ဍများမှ ထုတ်လုပ်သည့် ကုန်စည်နှင့် နည်းပညာ(၆၂)မျိုးတွင် ရင်းနှီးမြှုပ်နှံသွားမည့် မဟာ ဗျူဟာစီမံကိန်းအား ဂျပန်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ကောင်စီနှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒကောင်စီတို့၏ ပူးတွဲအစည်း အဝေးတွင် တင်ပြခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းအရ ၂၀၄၀ ပြည့်နှစ်သို့အရောက်တွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသည့် ပမာဏ စုစုပေါင်းယန်း၃၇၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂.၃ ထရီလီယံ) အထိရောက်ရှိရန် မျှော်မှန်းထားကြောင်း၊ ဂျပန်နိုင်ငံအစိုးရသည် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံရာတွင် စံနှုန်းတစ်ခုအထိ သတ်မှတ်၍ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါစီမံကိန်းအရ ဂျပန်နိုင်ငံအစိုးရသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏအနက် ယန်း ၆၈ ထရီလီယံကို တစ်ပိုင်းလျှပ်ကူးပစ္စည်းများကဏ္ဍ၊ ယန်း ၃၀ ထရီလီယံခန့်ကို ဖန်တီးမှုကဏ္ဍ၊ ယန်း ၁၀.၅ ထရီလီယံခန့်ကို စက်ရုပ်များနှင့် အခြားစက်ပစ္စည်းများအလိုအလျောက်လည်ပတ် နိုင်စေမည့် နည်းပညာဖြစ်သော Physical AI ကဏ္ဍ၊ ယန်း ၈.၂ ထရီလီယံကို အလိုအလျောက်မောင်းနှင်သည့် နည်းပညာကဏ္ဍ၊ ယန်း ၁.၃ ထရီလီယံမှ ၃.၃ ထရီလီယံအကြားကို Anime ၊ Manga- ဂျပန်ရုပ်ပြ၊ ဂီတ နှင့် ရုပ်ရှင်ကဏ္ဍ၊ ယန်း၂၀.၈ ထရီလီယံကို ဇီဝဆေးဝါးထုတ်လုပ်ရေးနှင့် ပြန်လည်ပြုပြင်ထုတ်လုပ်ထားသည့် ဆေးဝါးများနှင့် ယန်း ၃ ထရီလီယံခန့်ကို နျူကလီးယားစွမ်းအင်ပေါင်းစပ်ထုတ်လုပ်သည့် နည်းပညာများတွင် အသီးသီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ ၂၀၃၃ ဘဏ္ဍာရေးနှစ်တွင် ယန်း ၂၄.၅ ထရီလီယံခန့်ကို ဂိမ်းကဏ္ဍ၊ ၂၀၃၅ ဘဏ္ဍာရေးနှစ်တွင် ယန်း ၃၂.၇ ထရီလီယံကို ဒေတာစင်တာများနှင့် စွမ်းအင်သိုလှောင်သည့် ဘက်ထရီကဏ္ဍများတွင် အသီးသီးရင်းနှီးမြှုပ်နှံသွားရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် စီးပွားရေးဆိုးဝါးစွာကျဆင်းမှုနှင့် ရင်ဆိုင်နေရသည့် အတွက် ဂျပန်နိုင်ငံဝန်ကြီးချုပ်က ဘဏ္ဍာရေးကဏ္ဍအား တာဝန်ယူမှုရှိပြီး ထိရောက်အောင်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သော်လည်း စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ အဆိုပါစီမံကိန်းမူကြမ်းတွင် အစိုးရက မည်မျှအထိသုံးစွဲမည်ဆိုသည့် အသေးစိတ်အချက် အလက်များ မပါဝင်သေးကြောင်း၊ အစိုးရသည် ပညာရှင်များ၊ သုတေ သနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် စက်မှုလုပ်ငန်းအဖွဲ့အစည်းများနှင့်တိုင်ပင်ဆွေးနွေး၍ ကဏ္ဍတစ်ခုချင်းစီ ရင်းနှီးမြှုပ်နှံနိုင်မည့်ပမာဏများအား လက်ရှိနှင့် အနာဂတ်ဈေးကွက်အရွယ်အစား၊ ယှဉ်ပြိုင်နိုင်စွမ်းတို့အပေါ်အခြေခံ၍ ခန့်မှန်းတွက်ချက်ခဲ့ကြောင်း၊ ယခု ဖော်ဆောင်မည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် နိုင်ငံ့စီးပွားရေးအပေါ် မည်မျှအကျိုးသက်ရောက်မည်ကို အစိုးရက ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ဉာဏ်ရည်တုကဏ္ဍရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် စီးပွားရေး အကျိုးဖြစ်ထွန်းမှု ယန်း ၄၄၃ ထရီလီယံ၊ ဒေတာစင်တာများရင်းနှီး မြှုပ်နှံမှုမှတစ်ဆင့် စီးပွားရေးအကျိုးဖြစ်ထွန်းမှုယန်း ၁၀၇ ထရီလီယံဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ အစိုးရ-ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုနှင့် တိုးတက်ရေးမဟာဗျူဟာအရ ၂၀၄၀ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် ၂ ရာခိုင်နှုန်းနီးပါးတိုးတက်လာရန် မျှော်မှန်းထားကြောင်း၊ ဝင်ငွေတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးနှင့် အကြွေးအချိုး(Debt-to-GDP ratio)သည်လည်း တဖြည်းဖြည်းကျဆင်းလာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: https://asia.nikkei.com/economy/japan-maps-2.3tn-investment-plan-across-17-strategic-sectors

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News