International News

ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရန်ရည်ရွယ်၍ အခြေခံစိုက်ပျိုးရေးဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့

Last Updated:

ကိုဗစ်-၁၉ ကပ်ရောဂါ၊ နိုင်ငံတကာပဋိပက္ခများနှင့် ကမ္ဘာကြီးပူနွေးလာသည့်အတွက် မိုးခေါင်မှုများဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ဂျပန်နိုင်ငံသို့စားနပ်ရိက္ခာပံ့ပိုးပေးလျက်ရှိသည့် ဈေးကွက်များ၏အခြေအနေမှာ လွန်ခဲ့သော ၂၅ နှစ်တာ ကာလအတွင်း များစွာပြောင်းလဲခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးမှာ အရေးပေါ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အတွက် ၁၉၉၉ ခုနှစ်က ပြဌာန်းခဲ့သော Basic Law on Food, Agriculture and Rural Areas ကို Constitution of Agricultural Policy အဖြစ် ပထမဆုံးအကြိမ်ပြင်ဆင်ပြဌာန်းခဲ့ကြောင်း၊ အဆိုပါဥပဒေ၏အခြေခံမူဝါဒတွင် စားနပ် ရိက္ခာဖူလုံစေရေးဆောင်ရွက်သွားရန် ဖြည့်စွက်ထည့်သွင်းဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ရုရှား-ယူကရိန်းပဋိပက္ခတို့ကြောင့် စားသောက်ကုန်များဝယ်ယူရရှိနိုင်မှုမှာ ရပ်တန့်သွားခဲ့ပြီး၊ ကောက်ပဲသီးနှံများ၏ဈေးနှုန်းများမှာလည်း ယာယီမြင့်တက်ခဲ့ကြောင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများအတွက် မွေးမြူရေးအစာကုန်ကြမ်းဈေးနှုန်းများမှာလည်း မြင့်တက်ခဲ့သည့်အတွက် ပြည်တွင်းနို့ထွက်ပစ္စည်းများထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။

ပြင်ဆင်ထုတ်ပြန်ထားသည့်ဥပဒေတွင် စားနပ်ရိက္ခာဖူလုံခြင်းဆိုသည်မှာ အရည်အသွေးမြင့်စားသောက်ကုန်များကို သင့်လျော်သောဈေးနှုန်းဖြင့် ပြည်သူအားလုံးသို့ ပံ့ပိုးပေးနိုင်သည့်အခြေအနေကို ဆိုလိုခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း၊ လက်ရှိတွင် ဂျပန်နိုင်ငံ၏စီးပွားရေးအခြေအနေမှာ ကျဆင်းလျက်ရှိပြီး၊ ဝယ်ယူသုံးစွဲနိုင်စွမ်းလည်း ကျဆင်းလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် သွင်းကုန်အပေါ် အလွန်အမင်းမှီခိုအားထားလျက်ရှိခြင်းသည် အန္တရာယ်များကြောင်း ဖော်ပြထားပါသည်။

လက်ရှိ ဥပဒေ၏စိုက်ပျိုးရေးမူဝါဒတွင် စားနပ်ရိက္ခာဖူလုံမှုအချိုး(Self-Sufficiency Ratio)ကို ၂၀၃၀ ပြည့်နှစ်တွင် ၄၅ ရာခိုင်နှုန်းအထိရောက်ရှိစေရေး မျှော်မှန်းဆောင်ရွက်သွားမည်ဟုဖော်ပြထားကြောင်း၊သို့သော် ၂၀၂၂ ဘဏ္ဍာနှစ် အထိ ဂျပန်နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုအချိုးမှာ ၃၈ ရာခိုင်နှုန်းသာရှိကြောင်း၊ ပြင်ဆင်သည့်ဥပဒေတွင် စားနပ်ရိက္ခာဖူလုံမှုအချိုးတစ်ခုတည်းကိုသာ အလေးထားဆောင်ရွက်ခြင်းမဟုတ်ဘဲ စားနပ်ရိက္ခာဖူလုံစေရေးအတွက်အရေးပါသည့်များစွာသောရည်မှန်းချက်များကို ထည့်သွင်းပြဌာန်းထားကြောင်း၊ အဆိုပါရည်မှန်းချက်များအကောင်အထည်ဖော်နိုင်မှု ရှိ-မရှိကိုလည်း တစ်နှစ်တစ်ကြိမ်ဆန်းစစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဓာတ်မြေဩဇာကဲ့သို့သော ကုန်ကြမ်းများသည် စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါလျက်ရှိကြောင်း၊ ဂျုံနှင့် ပဲပိစပ်ကဲ့သို့သောကောက်ပဲသီးနှံများ ပြည်တွင်း၌တိုးမြှင့်ထုတ်လုပ်နိုင်ရေးမှာလည်း အရေးပါလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်မြေဩဇာနှင့် အခြားသောကုန်စည်များနှင့် စပ်လျဉ်း၍လည်း ထိရောက်ပြီး တိကျသည့်မျှော်မှန်းချက်များချမှတ်သွားမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

တောင်သူလယ်သမားများအား ဆက်လက်ထိန်းသိမ်းထားနိုင်ရေးမှာလည်း အရေးပါလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၌ လယ်ယာကဏ္ဍတွင် အလုပ်လုပ်ကိုင်သူဦးရေမှာ ၁.၁၆ သန်းရှိပြီး၊ အဆိုပါအလုပ်လုပ်ကိုင်သူများ၏ ပျမ်းမျှအသက်အရွယ်မှာ ၆၉ နှစ်ဖြစ်ကြောင်း၊ လာမည့်နှစ် ၂၀ အတွင်း လယ်ယာကဏ္ဍတွင် အလုပ်လုပ်ကိုင်သူဦးရေမှာ သိသိသာသာကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်သူများများပြားလာစေရေးအတွက် အမြတ်ရရှိမှုများပြားလာစေရေးနှင့်ဆွဲဆောင်မှုရှိသည့်လုပ်ငန်းကဏ္ဍဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲအသုံးပြုခြင်းဖြင့် လုပ်သားအင်အားကို ထိန်းသိမ်းရန်နှင့် စီးပွားဖြစ်အမြောက်အများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တောင်သူများ၏ အမြတ်ငွေများပုံမှန်ရရှိစေရေးအတွက် ထုတ်လုပ်မှုဆိုင်ရာကုန်ကျစရိတ်များကို ရောင်းချသည့် ကုန်စည်ဈေးနှုန်းများတွင် ထည့်သွင်းတိုးမြှင့်ရောင်းချနိုင်ရေး လိုအပ်လျက်ရှိကြောင်း၊ ပြင်ဆင်သည့်ဥပဒေတွင် ကုန်စည်ဈေးနှုန်းများကို ဝယ်လိုအား၊ ရောင်းလိုအားနှင့်အရည်အသွေးတို့သာမက သင့်လျော်သည့်ဈေးနှုန်းဖြစ်စေရေးလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဖော်ပြထားကြောင်း၊ ထို့ကြောင့် ဓာတ်မြေဩဇာနှင့် သယ်ယူပို့ဆောင်စရိတ်များအပါအဝင် အခြားသောကုန်ကျစရိတ်များကို ရောင်းချမည့်ထုတ်ကုန်များ၏ဈေးနှုန်းများတွင် ထည့်သွင်းတွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်သူများနှင့်တွေ့ဆုံရာတွင် သင့်လျော်သည့်ကုန်ဈေးနှုန်းများဖြစ်စေရေးအတွက် မည်သို့ဆောင်ရွက်သင့်သည်ကို လေ့လာသွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု၊ ရောင်းချမှု၊ ဖြန့်ဝေမှုအဆင့်တိုင်း၏ ကုန်ကျစရိတ်များကိုထည့်သွင်းတွက်ချက်နိုင်ရေး အချက်အလက်များကောက်ယူသွားမည်ဖြစ်ပြီး၊ ထိရောက်ကောင်းမွန်သည့် မူဘောင်တစ်ရပ် ပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

Source: The Japan

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News