International News

၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည်လာရောက်မှုမှ အခွန်ဘဏ္ဍာရရှိမှုမှာ ၃ ဆကျော်မြင့်တက်လာနိုင်

Last Updated:

ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ခဲ့ပြီးချိန်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏ လာရောက်မှုတစ်ဟုန်ထိုးမြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှ အခွန်ဘဏ္ဍာရရှိမှုမှာ ၂၀၂၂ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဆကျော်မြင့်တက်လာနိုင်ပါသည်။

အဆိုပါသတင်းတွင် ၂၀၁၉ ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံမှပြန်လည်ထွက်ခွာမည့် ခရီးသွားဧည့်သည်များအား တစ်ဦးလျှင် ယန်း ၁၀၀၀ နှုန်းအခွန်ကောက်ခံခဲ့ကြောင်း၊ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် လက်ရှိအချိန်အထိ ၃၆.၂ ဘီလီယံယန်း ရရှိထားပြီးဖြစ်ကြောင်း၊ တစ်နှစ်တာစာရင်းချုပ်ပြီးသည့်အချိန်တွင် ၃ ဘီလီယံနီးပါးထပ်မံတိုးမြှင့်ရရှိနိုင်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ဘဏ္ဍာရေးနှစ်မှာ ဧပြီလမှ မတ်လအထိဖြစ်သော်လည်း ၂၀၂၃ ဘဏ္ဍာနှစ်အတွက် နောက်ဆုံးအခွန်ပေးဆောင်ခွင့်ပြုထားသည့်ကာလမှာ မေလကုန်အထိဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ဘဏ္ဍာနှစ်အတွက် စာရင်းပိတ်သိမ်းရန်မေလတွင် ကောက်ခံရရှိလာမည့် အခွန်ငွေများကို စောင့်ဆိုင်းလျက်ရှိပြီး၊ စာရင်းအတိအကျကို ဇူလိုင်လတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာခရီးသွားများထံမှ ယန်း ၁၂.၆ ဘီလီယံကောက်ခံရရှိခဲ့ကြောင်း၊ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ယန်း ၂၀ ဘီလီယံကောက်ခံရရှိနိုင်မည်ဟု မျှော်မှန်းခဲ့ကြောင်း၊ လေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် ခရီးသွားလာကြသည့် နိုင်ငံတကာခရီးသွားများ၏ ခရီးသွားလာစရိတ်ပေါ်တွင် ယန်း ၁၀၀၀ အခွန်ငွေကောက်ခံခဲ့ခြင်းဖြစ်ပြီး၊ ရရှိလာသည့်အခွန်ငွေကို ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်နိုင်ရေးအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်မတိုင်မီကာလဖြစ်သည့် ၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာခရီးသွားများထံမှ အခွန်ငွေရရှိခဲ့မှုမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး ယန်း ၄၄.၃ ဘီလီယံရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များဖြေလျှော့ခဲ့ပြီးနောက် နိုင်ငံတကာမှ ခရီးသွားများလာရောက်မှုမှာ မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာခရီးသွားများလာရောက်မှုမှာ ၃ သန်း ကျော်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ယန်းငွေတန်ဖိုးကျဆင်းခဲ့မှုကြောင့် နိုင်ငံခြားသားများအနေဖြင့် ဂျပန်နိုင်ငံတွင် ခရီးသွားလာခြင်းနှင့် ဈေးဝယ်ခြင်းတို့အတွက် ကုန်ကျစရိတ်သက်သာစေခဲ့ကြောင်း၊ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေများတိုးမြှင့်ရရှိလာသည်နှင့်အမျှ ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အပံ့ဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ အချို့သောဒေသများတွင် ခရီးသွားကဏ္ဍတိုးတက်လာမှုကြောင့် အကျိုးကျေးဇူးများခံစားရရှိလျက်ရှိကြသော်လည်း အချို့သောဒေသများတွင် ခရီးသွားဧည့်သည်လာရောက်မှုကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: The Kyodo News

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News