အမေရိကန်သမ္မတက အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံထံမှ ရေနံများကို ဝယ်ယူတင်သွင်းလျက်ရှိခြင်းအပေါ် သွင်းကုန်ခွန်များချမှတ်ရန်နှင့်ပတ် သက်သည့် “ရုရှားအစိုးရ၏ အမေရိကန်နိုင်ငံအပေါ် ခြိမ်းခြောက်မှုများကိုဖော်ထုတ်ခြင်း(Addressing Threats to the United States by the Government of the Russian Federation)” သမ္မတအမိန့်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသမ္မတအမိန့်အရ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံများကို ဆက်လက်ဝယ်ယူလျက်ရှိခြင်းကြောင့် သွင်းကုန်ခွန်များချမှတ်ရန်နှင့် ရုရှားနိုင်ငံမှ ရေနံကို တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံဝယ်ယူတင်သွင်းလျက်ရှိသည့်နိုင်ငံများအပေါ် အလားတူသွင်းကုန်ခွန် များချမှတ်နိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်တည်ထောင်သွားရန်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံကို လက်ရှိတွင်တင်သွင်းလျက်ရှိကြောင်း၊ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် အရေးယူမှုများကြောင့် ဖြစ်ပေါ်လျက်ရှိသည့် အမျိုးသားအရေးပေါ်အခြေအနေများကို ဖော်ထုတ်နိုင်ရန်အလို့ငှာ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှရေနံကို တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံဝယ်ယူလျက်ရှိခြင်းကြောင့် ထပ်တိုးသွင်းကုန်ခွန်(၂၅)ရာခိုင်နှုန်းကို အမေရိကန်သမ္မတက ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ကောက်ခံမှုသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှစ၍အသက်ဝင်မည်ဖြစ်ကြောင်း၊ ၁၉၆၂ ခုနှစ်၊ ကုန်သွယ်ရေးတိုးချဲ့မှုအက်ဥပဒေ(Trade Expansion Act of 1962)၏ပုဒ်မ ၂၃၂ အောက်တွင် လက်ရှိ သို့မဟုတ် နောင်ပြဋ္ဌာန်းမည့် အရေးယူဆောင်ရွက်မှုများအရမဟုတ်လျှင် အခြားအကောက်ခွန်၊ အခ ကြေးငွေ၊ အခွန်နှင့် အခြားကျသင့်သည့်အခွန်အခများတွင် သွင်းကုန်ခွန် (၂၅)ရာခိုင်နှုန်းကို ထပ်တိုးကောက်ခံမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီ လ ၂ ရက်တွင် ချမှတ်ခဲ့သည့်သမ္မတအမိန့်(Executive Order, E.O 14257)နှင့်ယင်းကိုပြင်ဆင်သည့်အမိန့်များနှင့်အညီကောက်ခံမည့် သွင်း ကုန်ခွန်တွင် ယခုချမှတ်သည့်သွင်းကုန်ခွန်(၂၅)ရာခိုင်နှုန်းကို ထပ်တိုးကောက်ခံမည်ဖြစ်သော်လည်း (E.O 14257)ပါ နောက်ဆက်တွဲ(၂)တွင်ဖော်ပြထားသည့်ပစ္စည်းများသည် ဤသမ္မတအမိန့်အရ ကောက်ခံမည့်သွင်းကုန်ခွန်ကျသင့်မည်မဟုတ်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနှင့် အခြားအဆင့်မြင့်အရာရှိများနှင့်ပူးပေါင်း၍ ရုရှားနိုင်ငံ၏ရေနံကို တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံဝယ်ယူတင်သွင်းလျက်ရှိသည့် နိုင်ငံများကိုသတ်မှတ်လျက် သမ္မတက လိုအပ်သကဲ့သို့အရေးယူမှုများပြုလုပ်နိုင်ရေး အကြံပြုတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြား ရေးမူဝါဒများအပေါ် ခြိမ်းခြောက်မှုများဖြစ်စေသဖြင့် အမျိုးသားအရေးပေါ်အခြေအနေကိုဖော်ထုတ်ရန် ခိုင်မာသည့်အစီအမံ များချမှတ်ရန်လိုအပ်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံ၏အန္တရာယ်ဖြစ်စေသည့် လုပ်ဆောင် ချက်များအပေါ်တုံ့ပြန်သည့်အမေရိကန်နိုင်ငံ၏ကြိုးပမ်းမှုများကို အိန္ဒိယ အနေဖြင့် ရုရှားမှရေနံဝယ်ယူတင်သွင်းခြင်းက အဟန့်အတားများဖြစ်စေကြောင်း၊ အိန္ဒိယနိုင်ငံသည် ရေနံဝယ်ယူ၍ ဈေးကွက်များတွင် ပြန်လည်ရောင်းချလျက်ရှိရာ ရုရှားနိုင်ငံက ကျူးကျော်ရန်စမှုများပြုလုပ်နိုင်ရန် ၎င်း၏စီးပွားရေးကို အထောက်အပံ့ဖြစ်စေသည့်အကျိုးအမြတ်များသိသာစွာရရှိကြောင်း၊ ထို့ကြောင့် ရေနံဝယ်ယူခြင်းဖြင့် ရုရှားနိုင်ငံ၏ စီးပွားရေးကိုအထောက်အပံ့ပြုနေသည့် နိုင်ငံများအပေါ် သွင်းကုန်ခွန် (၂၅)ရာခိုင်နှုန်းချမှတ်ခြင်းဖြင့် အမေရိကန်နိုင်ငံက ဟန့်တားမှုများပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံအပေါ် ယခုချမှတ်သည့် သွင်းကုန်ခွန်(၂၅)ရာခိုင်နှုန်းသည် ယခင်ချမှတ်ခဲ့သည့် သွင်းကုန်ခွန်များနှင့်ထည့်ပေါင်းပါက အိန္ဒိယနိုင်ငံအပေါ် ချမှတ်သည့် သွင်းကုန်ခွန်သည် (၅၀)ရာခိုင်နှုန်းရှိလာမည်ဖြစ်ပါသည်။
Source: The New York Times
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)