ကမ္ဘာလုံးဆိုင်ရာ HR ဖြေရှင်းချက်ကုမ္ပဏီ Adecco ၏မကြာသေးမီကပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ ယူအေအီးနိုင်ငံရှိဝန်ထမ်းများ၏ ၆၇ % သည် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို တက်ကြွစွာရှာဖွေလျက်ရှိပြီး လုပ်ငန်းပြောင်းလဲလုပ်ကိုင်ခြင်းများ သိသိသာသာမြင့်တက်လာသည်ကို မီးမောင်းထိုးဖော်ပြခဲ့ပါသည်။
အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းခွင်များရှိ ကျွမ်းကျင်ပညာရှင် ၅၀၇ ဦးထံမှ ကောက်ယူရရှိသော အချက်အလက်များအပေါ်အခြေခံပြီး အဆိုပါအစီရင်ခံစာတွင် ယူအေအီးနိုင်ငံရှိ ဝန်ထမ်းအင်အား၏ဆင့်ကဲဖြစ်စဉ်များကို အလေးပေးဖော်ပြထားပါသည်။
ဤသို့သောလုပ်ငန်းအပြောင်းအရွှေ့များအတွက် အဓိကမောင်းနှင်အားများမှာ အကန့်အသတ်ရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတိုးတက်မှု၊ ပြိုင်ဆိုင်မှုမရှိသောလစာ၊ နေထိုင်မှုစရိတ်များမြင့်တက်လာခြင်း၊ လုပ်ငန်းခွင်ဘဝ ဟန်ချက်မညီခြင်း၊ ဝန်ထမ်းအကျိုးခံစားခွင့်များမလုံလောက်ခြင်းနှင့်အလုပ်ပြောင်းလွယ်ပြင်လွယ်မှုမရှိခြင်း စသည် တို့ပါဝင်ပါသည်။
ယနေ့ခေတ်ဝန်ထမ်းလောင်းများသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာလေ့လာလိုက်စားမှုများတွင် မောင်းနှင်အား များပိုမိုများပြားလာကြောင်း Adecco အကြီးတန်းဒုတိယဥက္ကဌနှင့် ဥရောပအရှေ့ပိုင်း၊ မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများ(EEMENA)၏ဥက္ကဌဖြစ်သူ Mayank Patel က ပြောကြားခဲ့ပါသည်။
အင်တာဗျူးများနှင့် လုပ်ငန်းညှိနှိုင်းမှုများအတွင်း ဆွေးနွေးမှုများသည် လုပ်ငန်းလုံခြုံရေး၊ လုပ်ငန်းခွင်ဘဝ ဟန်ချက်ညီမှု၊ နှစ်စဉ်အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုအခွင့်အလမ်းများနှင့် ယှဉ်ပြိုင်မှုဆိုင်ရာလျော်ကြေးငွေများ စသည်အကြောင်းအရာများတို့အပေါ်တွင် ဆွေးနွေးညှိနှိုင်းမှုများ မကြာမကြာရှိလာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
လုပ်ငန်းလစာသည် အရေးပါသောလှုံ့ဆော်မှုတစ်ခုအဖြစ် ကျန်ရှိနေသေးသော်လည်း၊ ကုမ္ပဏီယဉ်ကျေးမှုသဘောသဘာဝ၊ အသက်မွေးဝမ်းကြောင်းအလားအလာနှင့်အလုပ်အကိုင်လုံခြုံမှုကဲ့သို့သော အခြားအချက်များသည်လည်း အရေးကြီးပါသည်။ နည်းပညာနှင့်ဆော့ဖ်ဝဲလ်ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်ရှိ အလယ်အလတ်အဆင့်နှင့် အကြီးတန်းအဆင့်ကိုယ်စားလှယ်လောင်းများကြားတွင် အလုပ်အကိုင်ရွေ့လျားနိုင်မှုသည် အမြင့်မားဆုံးဖြစ်ပြီး၊ ၎င်းနောက်တွင် ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ အင်ဂျင်နီယာ၊ ထောက်ပံ့ပို့ဆောင်ရေး၊ လက်လီအရောင်းနှင့် ဇိမ်ခံပစ္စည်းလုပ်ငန်းကဏ္ဍများ စသည်တို့ပါဝင်ပါသည်။
အပြန်အလှန်အားဖြင့် ကျွမ်းကျင်ပညာရှင်များ၏ ၁၅ % မှ ၂၀ % တို့သည် ၎င်းတို့၏ လက်ရှိရာထူးနေရာများတွင် ဆက်လက်တည်ရှိနေရန်လိုလားလျက်ရှိပြီး လက်ရှိအဖွဲ့အစည်းအတွင်း အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုများအပေါ် အာရုံစိုက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
နိုင်ငံခြားသားဝန်ထမ်းဦးရေတိုးမြင့်လာမှု၊ လျင်မြန်သောနည်းပညာတိုးတက်မှုများ၊ မတူကွဲပြားမှုနှင့် ပါဝင်မှုအပေါ် ခိုင်မာစွာအလေးထားမှုနှင့် ကျွမ်းကျင်မှုလိုအပ်ချက်များ တိုးတက်ပြောင်းလဲလာမှု စသည်တို့ကြောင့် ယူအေအီးနိုင်ငံတွင် သိသိသာသာအပြောင်းအလဲများကို တွေ့ကြုံနေရကြောင်း Patel က မှတ်ချက်ပြုခဲ့ပါသည်။
အထူးသဖြင့် အိုင်တီ၊ ဆော့ဖ်ဝဲလ်ဝန်ဆောင်မှုများ၊ လက်လီအရောင်း၊ ဇိမ်ခံပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတို့တွင် ဝန်ထမ်းများ၏ ၄၆ % သည် ယူအေအီးအလုပ်အကိုင် စျေးကွက်အပေါ် အကောင်းမြင်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။
၂၀၂၄ ခုနှစ်အတွက် ဝန်ထမ်းခေါ်ယူမှုအခင်းအကျင်းတွင် အထူးသဖြင့် အိုင်တီ၊ ဘဏ်လုပ်ငန်း၊ လက်လီအရောင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ အီး-ကူးသန်းရောင်းဝယ်ရေး၊ ဧည့်ဝန်ဆောင်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ရေရှည်တည်တံ့သော မြစိမ်းရောင်အလုပ်အကိုင်များကဲ့သို့သော အလုပ်အကိုင်ကဏ္ဍများတွင် အလုပ်ခန့်ထားမှုမြင့်တက်လာသည်ကို ညွှန်ပြလျက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။
Source: Khaleej Times
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)