International News

မြန်မာနိုင်ငံ၏တင်သွင်းအစားအသောက်အမှတ်တံဆိပ်ဆိုင်ရာ ညွှန်ကြားချက်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့

Last Updated:

မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၅/၂၀၂၆)၊ “တင်သွင်းအစားအသောက်အမှတ်တံဆိပ်တွင် ထပ်ဆောင်းဖြည့်စွက်ဖော်ပြရာ၌ စတစ်ကာကပ်နှိပ်ဖော်ပြခွင့်ပြုမည် မဟုတ်ကြောင်းညွှန်ကြားချက်”နှင့်စပ်လျဉ်းသည့်အစီရင်ခံစာကို အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာန(Foreign Agricultural Service, FAS)က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် တင်သွင်းအစားအသောက်အမှတ်တံဆိပ်တွင် ထပ်ဆောင်းဖြည့်စွက်ဖော်ပြရာ၌ စတစ်ကာကပ်နှိပ်ဖော်ပြခွင့်ပြုမည်မဟုတ်ကြောင်းကို ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်တွင်ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါညွှန်ကြားချက်အရ အင်္ဂလိပ်ဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားကပ်နှိပ်မှုသည် အကျုံးဝင်ဆဲဖြစ်ကြောင်း၊ ယခုပြောင်းလဲမှုအရ မြန်မာနိုင်ငံသို့ အမေရိကန်ထုတ်ကုန်များတင်သွင်းရာတွင် ရှုပ်ထွေးမှုများရှိလာနိုင်ခြင်းကြောင့် အမေရိကန်တင်ပို့သူများအနေဖြင့် ၎င်းတို့၏ တင်သွင်းသူများနှင့်ညှိနှိုင်းဆောင်ရွက်စေလိုကြောင်းနှင့် အဆိုပါညွှန် ကြားချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ အကြောင်းကြားထား ခြင်းမရှိသေးကြောင်း၊ အဆိုပါညွှန်ကြားချက်အမှတ်(၅/၂၀၂၆)သည် တင်သွင်းလာသည့် အသင့်ထုပ်ပိုးထားသော အစားအသောက်များအပေါ်တွင် လိုအပ်သည့်ထုတ်ကုန်ဆိုင်ရာ အချက်အလက်များကို ဖော်ပြရာတွင် စတစ်ကာကပ်နှိပ်ဖော်ပြခြင်းကိုတားမြစ်ထားခြင်းဖြစ်ပြီး၊ ပြည်တွင်းသို့ရောက်ရှိပြီးမှ စတစ်ကာကပ်နှိပ်ကာ ထုတ်ကုန်ဆိုင်ရာလိုအပ်ချက်များဖြည့်သွင်းခြင်းထက် လိုအပ်သောအချက်အလက်များကို မူရင်းထုပ်ပိုးမှုတွင် ကနဦးကတည်းက ရှင်းလင်းစွာဖော်ပြထားရမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် မြန်မာနိုင်ငံ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ညွှန် ကြားချက်အမှတ် (၈/၂၀၂၂)(အသင့်ထုပ်ပိုးထားသည့် အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားကပ်နှိပ်ရန် ညွှန်ကြားချက်)အရ ထုတ်ကုန်ဆိုင်ရာ အချက်အလက်များကို မြန်မာဘာသာဖြင့် သို့မဟုတ် စားသုံးသူက လက်ခံနိုင်သည့် ဘာသာစကားဖြင့် ဖော်ပြနိုင်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင်ထုတ်ပြန်ခဲ့သည့် ညွှန် ကြားချက်အမှတ်(၂/၂၀၁၉)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရန် သတ်မှတ်ထားသည့်အတွက် ဌာန(၂)ခု၏ ထုတ်ပြန်ချက်များသည် တင်သွင်းသူများအတွက် ရှုပ်ထွေးစေနိုင်ကြောင်း ဖော်ပြထားပါသည်။

စိန်ခေါ်မှုများအနေဖြင့် တင်သွင်းသူများသည် အဆိုပါစည်းမျဉ်းများနှင့် ကိုက်ညီစေရန်အတွက် ထုပ်ပိုးမှုဒီဇိုင်းကို ပြည်ပမှထုတ်လုပ်သူများနှင့် ကြိုတင်ညှိနှိုင်း၍ ထုတ်လုပ်မှုအဆင့်တွင် မြန်မာနိုင်ငံအတွက် သီးသန့်ပြင်ဆင်ဆောင်ရွက်မှုများလိုအပ်နိုင်ပြီး ကုန်ကျစရိတ်ပိုမိုများပြားကာ အချိန်လည်း ပိုမိုကြာမြင့်နိုင်ကြောင်း၊တစ်နိုင်ငံတည်းသို့သာ တင်ပို့သည့် ထုတ်ကုန်မဟုတ်ဘဲ ဒေသတွင်းရှိ အခြားနိုင်ငံများသို့လည်း တင်ပို့ပါက ဘာသာစကားမျိုးစုံဖြင့် ကုန်အညွှန်းအမှတ်အသားကပ်နှိပ်ရန်လိုအပ် နိုင်ပြီး ထုပ်ပိုးမှုလုပ်ငန်းစဉ်ပိုမိုရှုပ်ထွေးစေနိုင်ကြောင်း၊ အမေရိကန်တင်ပို့သူများအတွက် အခွင့်အလမ်းများအနေဖြင့် အမေရိကန်ထုတ်ကုန်အများစုသည် အင်္ဂလိပ်ဘာသာဖြင့် တံဆိပ်ကပ်ထားပြီးဖြစ်သော ကြောင့် မြန်မာနိုင်ငံ၏တံဆိပ်ကပ်ခြင်းဆိုင်ရာ လိုအပ်ချက်များနှင့်ကိုက်ညီပြီးဖြစ်ရာ အင်္ဂလိပ်မဟုတ် သောဘာသာစကားဖြင့် တံဆိပ်ကပ်ထားသည့် အခြားနိုင်ငံများမှ ပြိုင်ဘက်များထက် မြန်မာ့ဈေးကွက်သို့ ပိုမိုမြန်ဆန်ပြီးထိရောက်စွာဝင်ရောက်နိုင်သည့် ယှဉ်ပြိုင်နိုင်စွမ်းအား ရရှိစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News