Local News

မြိတ်မြို့ပေါ်ရှိသစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ပန်းသစ်တော် စျေးနှုန်းအခြေအနေ

Last Updated:

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နှင့်အနီးဝန်းကျင်ဒေသများတွင် သရက်၊ ဒူးရင်း၊ မန်ကျည်း၊ ပိန္နဲ၊ ကြက်မောက်သီး၊ မာလကာသီး၊ စောင်းလျားသီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ နဂါးမောက်သီး၊ သံပုရာသီး၊ သင်္ဘောသီး စသည့်သီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းပြီး အခြားသစ်သီးများကိုလည်း စိုက်ပျိးထွက်ရှိရာဒေသအသီးသီးမှ တိုက်ရိုက်ဝယ်ယူရောင်းချသလို ရန်ကုန်နှင့် မန္တလေးမြို့များရှိ သစ်သီးဒိုင်များမှလည်း တစ်ဆင့်ဝယ်ယူရောင်းချကြသဖြင့် မြိတ်မြို့ပေါ်ရှိ သစ်သီးဆိုင်များတွင် သစ်သီးအမျိုးအစားများအား စုံလင်စွာတွေ့ရှိရပါသည်။ အခြားဒေသများမှ ဝယ်ယူရောင်းချသော သစ်သီးများအနက် ပန်းသစ်တော်သီးမှာ အေးမြသည့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးနိုင်ပြီး စတင်စိုက်ပျိုးသည့်အချိန်မှ ၃ နှစ်သက်တမ်းအကြာတွင် အသီးစတင်သီးပြီး အနိမ့်ဆုံးအပူချိန် အနုတ်၂၇ ဒီဂရီ စင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အတွင်း ကောင်းစွာဖြစ်ထွန်းရှင်သန်သည်ဟုလည်း သိရပါသည်။

ပန်းသစ်တော်သီးသည် အာဟာရသတ္တုဓါတ်ကြွယ်ဝပြီး အရည်ရွှမ်းသည့်အပြင် ချိုချဥ်အရသာရှိသောကြောင့် စားသုံးသူများအကြိုက်များသော သစ်သီးတစ်မျိုးလည်းဖြစ်သည်။ ဗီတာမင်စီ၊ သံဓါတ်၊ ကော့ပါးနှင့် ပိုတက်စီယမ်တို့ပါဝင်ပြီး ကျန်းမာရေးပညာရှင်များက ပန်းသစ်တော်သီးသည် အစာအိမ်အတွက် ကောင်းမွန်စေပြီး ရေဓါတ်များစွာပါဝင်သော သစ်သီးတစ်မျိုးဖြစ်သည်ဟု သိရသည်။

မြိတ်မြို့တွင် ရောင်းချနေသော ပန်းသစ်တော်သီးကို အများအားဖြင့် ရှမ်းပြည်နယ်၊ မန္တလေးနှင့် ရန်ကုန်မြို့များရှိ သစ်သီးဒိုင်များမှ အများဆုံးတင်သွင်းကြပါသည်။ ပန်းသစ်တော်သီးကို ရှမ်းချောင်း ကုန်စိမ်းစျေးမှတစ်ဆင့် မြိတ်မြို့ပေါ်ရှိစျေးများ၊ သစ်သီးဆိုင်များအား ပြန်လည်ဖြန့်ဖြူးရောင်းချကြပြီး ပန်းသစ်တော်သီးအကြီး တစ်လုံးလျှင် ၂၅၀၀ ကျပ်၊ ပန်းသစ်တော်သီး အသေးတစ်လုံးလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Source:   https://www.doca.gov.mm/

Category: Local News