ဖိလစ်ပိုင်သို့ တင်ပို့မှုသိသိသာသာကျဆင်းမှုကြောင့် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် ၁၁.၅ ရာခိုင်နှုန်းကျဆင်းကာ မက်ထရစ်တန်ချိန် ၈ သန်းခန့်သာရှိတော့မည်ဟု နိုင်ငံ၏ စားနပ်ရိက္ခာအသင်းဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံးဆန်တင်ပို့သူဖြစ်ပြီး ၎င်း၏အဓိကဈေးကွက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိကတို့ဖြစ်ကြောင်းဖော်ပြထားပါသည်။
ဒေသခံလယ်သမားများ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် မနီလာက စက်တင်ဘာလတွင်ဆန်တင်သွင်းမှုကိုပိတ်ပင်ပြီးနောက် ဗီယက်နမ် သည် ၎င်း၏အကြီးဆုံးဈေးကွက်ဖြစ်သော ဖိလစ်ပိုင်သို့ တင်ပို့မှုမှာ ရပ်တန့်သွားခဲ့ကြောင်း၊ ဆန်တင်ပို့မှုကန့်သတ်ချက်သည် ယခုနှစ်ကုန်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
အဆိုပါကန့်သတ်ပိတ်ပင်မှုကို ဆက်လက်သက်တမ်းတိုးဖွယ်ရှိကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်းဥက္ကဋ္ဌ Mr. Do က ပြောကြားခဲ့ပါသည်။ ဗီယက်နမ်၏ အကောက်ခွန်ဒေတာများအရ ယခုနှစ် ၁၀ လအတွင်း ဗီယက်နမ်မှ ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် အလားတူကာလထက် ၁၈.၅ ကျဆင်းကာ တန်ချိန် ၂.၉၆ သန်းသာရှိတော့ကြောင်း Mr. Ha Nam က Reuters ကို ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ဆန်ဝယ်လိုအား မြင့်မားနေဆဲဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် အရည်အသွေးမြင့်ဆန်ထုတ်လုပ်မှုကို အာရုံစိုက်ဆောင်ရွက်လျက်ရှိပြီး အခြားဈေးကွက်များသို့ တင်ပို့မှုကိုမြှင့်တင်ရန်ကြိုးပမ်းသွားမည်ဟု Mr. Nam ကပြောကြားခဲ့သည်။ အရည်အသွေးမြင့် ဆန်ဈေးကွက်တွင် ၎င်းတို့အနေဖြင့် ပြင်းထန်သောယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ရခြင်းမရှိကြောင်း Mr. Nam က ပြောကြားခဲ့ပြီး ပို့ကုန်များကို တစ်နှစ်လျှင် တန်ချိန် ၈ သန်းမှ ၉ သန်းအထိ တင်ပို့နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ရေရှည်တွင် အစိုးရသည် ဆန်တင်ပို့မှုကိုလျှော့ချရန်နှင့် ဈေးကွက်အခြေ အနေများနှင့် လိုက်လျောညီထွေဖြစ်အောင် အခြားသီးနှံများစိုက်ပျိုးရေးအတွက် မြေယာကိုအသုံးပြုရန် အစီအစဉ်ရှိကြောင်း Mr. Nam က ပြောကြားခဲ့သည်။ ဗီယက်နမ်၏ စပါးကျီဖြစ်သော မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကြောင့် လယ်သမားအချို့သည် ပုစွန်မွေးမြူရေးနှင့် အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးခဲ့ကြကြောင်း ဖော်ပြထားပါသည်။
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)