ဗီယက်နမ်ပြည်တွင်းကော်ဖီဈေးနှုန်းများသည် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျဆင်းလျက်ရှိပြီး သီတင်းပတ်အစမှ တတိယအကြိမ်မြောက် ဆက်တိုက်ကျဆင်းမှုဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါဈေးနှုန်းကျဆင်းမှုသည် လန်ဒန်နှင့် နယူးယောက်စတော့အိတ်ချိန်းနှစ်ခုလုံးတွင် တစ်ညတည်း(ဗီယက်နမ်နိုင်ငံ ဒေသစံတော်ချိန်အရ) တွင် သိသာထင်ရှားသော ဆုံးရှုံးမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာကျဆင်းမှုကို ဖြစ်ပေါ်စေကြောင်း ဖော်ပြထားပါသည်။
ဈေးနှုန်းမတည်ငြိမ်မှုများရှိနေသော်လည်း ပို့ကုန်စွမ်းဆောင်ရည်မှာ ခိုင်မာနေဆဲဖြစ်ကြောင်း၊ ဗီယက်နမ်အကောက်ခွန်ဌာန၏အဆိုအရ နှစ်အစမှ နိုဝင်ဘာ ၁၅ ရက်အထိ ပို့ကုန်မှာ တန်ချိန် ၁.၃၅ သန်း နီးပါးရှိပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၆၄ ဘီလီယံဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပမာဏ ၁၄.၆ ရာခိုင်နှုန်းတိုးလာပြီး တန်ဖိုးမှာ ၆၂.၃ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်ကော်ဖီအသင်းနှင့် ကိုကိုးအသင်း(VICOFA)သည် ၁၁ လအတွင်း ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၇.၈၅ ဘီလီယံအထိရောက်ရှိဖွယ်ရာရှိသည်ဟု ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ်အတွက် တစ်နှစ်ပတ်လုံးဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံထက်ကျော်လွန်မည်ဟု ခန့်မှန်းထားပါသည်။
ပြုပြင်ထားသော ကော်ဖီတင်ပို့မှုသည် ၂၀၂၄ ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၅၈ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁.၄၆ ဘီလီယံရရှိခဲ့ကြောင်း၊ အဆိုပါပြောင်းလဲမှုသည် စက်မှုလုပ်ငန်းအနေဖြင့် ပမာဏအပေါ် အခြေခံသောတိုးတက်မှုမှ အရည်အသွေးအပေါ် အခြေခံသောတိုးတက်မှုသို့ ရွေ့လျားနေကြောင်း ပြသလျက်ရှိဟုဖော်ပြထား သည်။
ဒီဇင်ဘာ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ဟိုချီမင်းမြို့၌ ကျင်းပသော အာရှအပြည်ပြည်ဆိုင်ရာ ကော်ဖီညီလာခံ-ကော်ဖီအလားအလာ(AICC) တွင် Simexco Dak Lak ၏ ဒုတိယအထွေထွေဒါရိုက်တာ Nguyen Tien Dung က မိန့်ခွန်းပြောကြားရာတွင် EU သာမက ဂျပန်ကဲ့သို့သော တင်ပို့မှုများသော ဈေးကွက်များသည်လည်း စိုက်ပျိုးရေးထုတ်ကုန်များကို သစ်တောပြုန်းတီးမှုကင်းစင်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော စံနှုန်းများနှင့်ကိုက်ညီရန် လိုအပ်လာကြောင်း ပြောကြားခဲ့ပါသည်။
ထို့ကြောင့် Mr. Dung က တောင်သူလယ်သမားများအား ရေရှည်တည်တံ့သောထုတ်လုပ်မှုဆီသို့ ကော်ဖီပြောင်းလဲရန်လိုအပ်ကြောင်း၊ အော်ဂဲနစ်ကော်ဖီကို တီထွင်ထုတ်လုပ်ရန်၊ သဘာဝအရင်းအမြစ် များကို ပြန်လည်အသုံးပြုသည့်စီးပွားရေးကို တီထွင်ဆောင်ရွက်ရန်နှင့် တန်ဖိုးနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို စဉ်ဆက်မပြတ်တီထွင်ဆန်းသစ်ရန်လိုအပ်သည်ဟု အကြံပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)