International News

ယူအေအီးနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်ယှဉ်ပြိုင်မှု အစီအစဉ်အသစ်မှတစ်ဆင့် မြှင့်တင်ရန် Dubai SME မှ Google နှင့် ပူးပေါင်းလုပ်ဆောင်

Last Updated:

ယူအေအီးနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်စွမ်းရည်များကို အားကောင်းစေရန် ရည်ရွယ်သည့် အစီအစဉ်အသစ်တစ်ခုကို စတင်ရန်အတွက် Dubai SME အဖွဲ့မှ Google ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။

စမ်းသပ်အစီအစဉ်တွင် ရွေးချယ်ထားသည့် စီးပွားရေးလုပ်ငန်းများအား အဆင့်မြင့်စျေးကွက်ရှာဖွေရေးကိရိယာများနှင့် ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုတို့ဖြင့်တပ်ဆင်ပေးသွားမည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်များတွင် ပိုမိုထိရောက်စွာယှဉ်ပြိုင်နိုင်စေရန် ကူညီပေးသွားမည်ဖြစ်ပါသည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုကို ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားလုပ်ငန်းဌာန(DET)နှင့် Google MENA မှ အကြီးတန်းဦးဆောင်သူများရှေ့တွင် ကြေညာခဲ့ခြင်းဖြစ်ကာ ဤအစီအစဉ်သည် ဒူဘိုင်းအား SME လုပ်ငန်းများအတွက် အလျင်မြန်ဆုံးကြီးထွားမှုနှင့်ဆွဲဆောင်မှုအရှိဆုံး ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်အဖြစ် ရပ်တည်နိုင်ရန်ရည်ရွယ်ထားသည့် Dubai Economic Agenda D33 ၏ရည်မှန်းချက်များကို ထောက်ခံကြောင်း ဖော်ပြပါရှိပါသည်။

သတ်မှတ်ထားသော စံနှုန်းများအပေါ်အခြေခံ၍ အလားအလာမြင့်မား သော ယူအေအီးနိုင်ငံ၏  စီးပွားရေးလုပ်ငန်းဆယ်ခုကို စမ်းသပ်အဆင့်အတွက် ရွေးချယ်ခဲ့ရာ ပါဝင်သူများသည် ဘဏ္ဍာရေး အကန့်အသတ်များရှိခြင်းနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ခြင်းတို့အပါအဝင် အသေးစား စီးပွားရေးလုပ်ငန်းများမှ ရင်ဆိုင်နေရသော ဘုံစိန်ခေါ်မှုများကိုဖြေရှင်းရန် ပရီမီယံဒစ်ဂျစ်တယ်စျေးကွက် ရှာဖွေရေးပံ့ပိုးမှု၊ ကြော်ငြာခရက်ဒစ်များနှင့် မဟာဗျူဟာလမ်းညွှန်ချက်များကို ရရှိသွားမည်ဖြစ်ပါသည်။

အစီအစဉ်တွင် Dubai SME ၊ Google နှင့်ပါဝင်သော စီးပွားရေးလုပ်ငန်းများမှ တူညီသောရင်းနှီးမြှုပ်နှံမှုများတို့ဖြင့် ထူးခြားသောသုံးပွင့်ဆိုင်ပူးတွဲရန်ပုံငွေပုံစံကို အသုံးပြုထားပါသည်။ ဤချဉ်းကပ်မှုသည် တာဝန်ခံမှုနှင့် ရေရှည်စွမ်းရည်တည်ဆောက်မှုကို အားပေးနိုင်ရန် ပုံစံထုတ်ထားပါသည်။

Dubai SME သည် DET၏ ပိုမိုကျယ်ပြန့်သောအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမိတ်ဖက်ကွန်ရက်ကို အသုံးပြုထားပြီး ဒစ်ဂျစ်တယ်မဟာဗျူဟာ၊ အကြောင်းအရာဖန်တီးမှုနှင့် စည်းရုံးလှုံ့ဆော်ရေးအတွက် အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်ခြင်းဆိုင်ရာ လက်တွေ့ကျသောလမ်းညွှန်မှုများအား ပေးအပ်သွားမည်ဖြစ်ပြီး ဤစမ်းသပ်ချက်သည် အယူအဆတစ်ရပ်၏သက်သေအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အကဲဖြတ်မှုများအပြီးနောက် ဤပုံစံအား ပိုမိုကျယ်ပြန့်သော အစီအစဉ်တစ်ခုအဖြစ် တိုးချဲ့သွားနိုင်မည့် အစီအစဉ်များရှိကြောင်း ဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံ၏ စွန့်ဦးတီထွင်လုပ်ငန်းရှင်များမှ ယုံကြည်မှုရှိရှိတိုးချဲ့ပြီး နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်ကြစေရန် Dubai SME နှင့် Googleအဖွဲ့အစည်းနှစ်ခုစလုံး၏ ခေါင်းဆောင်မှုအဖွဲ့များက ဒစ်ဂျစ်တယ်အသင့်ဖြစ်မှု၏ အရေးပါမှုအပေါ် မီးမောင်းထိုးဖော်ပြခဲ့ပါသည်။ ဤစမ်းသပ်အဆင့်အား ယခုနှစ်နှောင်းပိုင်းတွင် စတင်နိုင်ရန်စီစဉ်ထားပြီး အစီအစဉ်မှရရှိလာသော အတွေးအမြင်များမှာ ဒူဘိုင်း၏ စွန့်ဦးတီထွင်လုပ်ငန်းဂေဟစနစ်တစ်လျှောက် အနာဂတ်ဒစ်ဂျစ်တယ်လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များအား ပုံဖော်ပေးနိုင်ရန်မျှော်မှန်းထားကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News