ယူအေအီးနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်အတွင်း ဒေသတွင်းပြိုင်ဘက်များထက် ကျော်လွန်နိုင်ရန်စီစဉ်ထားပြီး ကမ္ဘာ့ဘဏ်၏ ပင်လယ်ကွေ့ဒေသစီးပွားရေးနောက်ဆုံးထုတ်ပြန်ချက်တွင် နိုင်ငံသည် ကွဲပြားမှုနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုများတွင် ၎င်း၏ရပ်တည်ချက်ကို ခိုင်မာစေရန် လုပ်ဆောင် လာသည်နှင့်အမျှ အမှန်တကယ် GDP တိုးတက်မှု ၄.၈ % ရှိလာလိမ့်မည်ဟု ခန့်မှန်းဖော်ပြထားပါသည်။
ယနေ့ထုတ်ပြန်လိုက်သည့် ၂၀၂၅ ခုနှစ်၊ဆောင်းဦးရာသီအစီရင်ခံစာတွင် ယူအေအီးနိုင်ငံ၏ ရေနံနှင့်ရေနံမဟုတ်သောကဏ္ဍများတွင် ဟန်ချက်ညီသော တိုးချဲ့မှုအား မီးမောင်းထိုးဖော်ပြထားပြီး ၎င်း၏ ပို့ကုန်အခြေခံများအား ချဲ့ထွင်ရာတွင် ဆက်လက်အောင်မြင်နေမှုကို ထောက်ပြထားပါသည်။ ကမ္ဘာ့ဘဏ်သည် ဆော်ဒီအာရေဗျအတွက် ၃.၈ %၊ ဘာရိန်းအတွက် ၃.၅ %၊ အိုမန်အတွက် ၃.၁ %၊ ကာတာအတွက် ၂.၈ % နှင့် ကူဝိတ်အတွက် ၂.၇ % အပါအဝင် GCC နိုင်ငံများတစ်လျှောက် တိုးတက်မှု များကိုလည်း ခန့်မှန်းထားပါသည်။
အစီရင်ခံစာတွင် ဒေသတွင်း စီးပွားရေးလမ်းကြောင်းကို ပုံဖော်ပေးသည့် အဓိကထောက်တိုင် သုံးခုကို ဖော်ပြထားပါသည်။ ၎င်းတို့တွင် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကွဲပြားမှုညွှန်းကိန်းများ၏ ဆင့်ကဲဖြစ်စဉ်၊ မက်ခရိုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ပင်လယ်ကွေ့၏ မြန်ဆန်သော ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုများ စသည်တို့ပါဝင်ပါသည်။
GCC နိုင်ငံများသည် ကွဲပြားမှုအပိုင်းတွင် အသင့်အတင့်တိုးတက်မှုကို ရရှိထားပြီး မကြာသေးမီက နှစ်များအတွင်း ပိုမိုအားကောင်းသောလက္ခဏာများ ပေါ်ပေါက်လာခဲ့ပါသည်။ ဒစ်ဂျစ်တယ်ပြောင်းလဲမှုကို ကျယ်ပြန့်သော 5G လွှမ်းခြုံမှု၊ သင့်တင့်မျှတသောကုန်ကျစရိတ်ရှိ မြန်နှုန်းမြင့်အင်တာနက်အပြင် ဒေတာစင်တာများနှင့် မြင့်မားသောစွမ်းဆောင်ရည်ရှိသည့် ကွန်ပျူတာများတွင် အဓိကရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးပေးထားပြီး သိသာထင်ရှားမှုရှိကြောင်း ဖော်ပြထားပါသည်။ ယူအေအီးနှင့် ဆော်ဒီအာရေဗျနိုင်ငံများတို့သည် ဒေသတွင်းနှင့်နိုင်ငံတကာတို့၌ AI အသင့်ဖြစ်မှုတွင် ဦးဆောင်သူများအဖြစ် အသိအမှတ်ပြုခြင်းခံထားရပါသည်။
GCC နိုင်ငံများ၏ ကမ္ဘာ့ဘဏ်ဌာနခွဲ ညွှန်ကြားရေးမှူး Safaa El Tayeb El Kogali က ကွဲပြားမှုနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုသည် ရေရှည်တည်ငြိမ်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဒေသတွင်း၏ ခိုင်မာသော အခြေခံအဆောက်အအုံနှင့် တိုးတက်နေသော AI စွမ်းရည်များသည် ပင်လယ်ကွေ့စီးပွားရေးများအား ရေရှည်တည်တံ့သော တိုးတက်မှုအတွက် ကောင်းမွန်သော အနေအထားတွင်ရှိနေစေကြောင်း သူမက ထောက်ပြခဲ့ပါသည်။
အစီရင်ခံစာတွင် ပင်လယ်ကွေ့ဒေသတစ်ဝှမ်းရှိ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ(STEM)နယ်ပယ်များတွင် အမျိုးသမီးများ၏ ပါဝင်မှုသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှထက် ကျော်လွန်လျက်ရှိပြီး ဒေသတွင်း၏ ဒစ်ဂျစ်တယ်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးကြောင်းလည်း မီးမောင်းထိုးဖော်ပြထားပါသည်။ SME လုပ်ငန်းများအတွက် AI နည်းပညာရပ်များကို လက်ခံကျင့်သုံးခြင်းနှင့် အလုပ်သမားဈေးကွက်ကွာဟ ချက်များကို ဖြည့်ဆည်းရန်နှင့် ဆက်လက်ပြောင်းလဲလျက်ရှိသော အသွင်ပြောင်းလဲမှု၏ အကျိုးကျေးဇူးများကို အများဆုံးရရှိကြစေရန်အတွက် အလုပ်သမားသင်တန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပြုလုပ်နိုင်ရန် အကြံပြုဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)