International News

အစိုးရပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်အတွက် ယူအေအီးနိုင်ငံနှင့် မွန်တီနီဂရိုးနိုင်ငံတို့မှ အမှုဆောင်ခေါင်းဆောင်မှုအစီအစဉ်ကို စတင်

Last Updated:

ယူအေအီးနိုင်ငံနှင့် မွန်တီနီဂရိုးနိုင်ငံတို့သည် မွန်တီနီဂရိုးအကြီးတန်းအစိုးရအရာရှိ ၂၃ ဦး၏ ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်ရန်နှင့် အစိုးရတစ်ရပ်အား ခေတ်မီအောင်လုပ်ဆောင်ရာတွင် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများကိုပံ့ပိုးရန် ပုံစံထုတ်ထားသော ပူးတွဲအစီအစဉ်တစ်ခုဖြစ်သည့် မွန်တီနီဂရိုးအမှုဆောင်ခေါင်းဆောင်မှုအစီအစဉ်အား စတင်ဆောင်ရွက်ခဲ့ပါသည်။

တိုးတက်လျက်ရှိသော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖန်တီး ထားသောဤအစီအစဉ်သည် ပါဝင်သူများအား ၎င်းတို့၏သက်ဆိုင်ရာကဏ္ဍများတွင် အသွင်ပြောင်းလဲမှုကို ဦးဆောင်ရန်ကူညီပေးမည့် အဆင့်မြင့်ကိရိယာများ၊ ကမ္ဘာလုံးဆိုင်ရာထိုးထွင်းသိမြင်မှုများနှင့် လက်တွေ့ထိတွေ့မှုများကို ပေးအပ်သွားမည်ဖြစ်ပါသည်။ ၎င်းသည် ဆန်းသစ်တီထွင်မှုအား လက်ခံကျင့်သုံးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ခြင်းအားဖြင့် မွန်တီနီဂရိုးတွင် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်လည်း ရည်ရွယ်ထားပါသည်။

ဤအစီအစဉ်ကို Hamdan Bin Mohammed Smart တက္ကသိုလ်နှင့် ယူအေအီးအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ပေးအပ်ခြင်းဖြစ်ပါသည်။ ၎င်းတွင် ယူအေအီးနိုင်ငံမှ ကျွမ်းကျင်သူ ၁၉ ဦးနှင့် ဗဟုသုတလေ့လာ ရေးခရီးစဉ်လည်ပတ်မှုများ၊ အစည်းအဝေးများနှင့် ဆွေးနွေးမှုများတို့ပါဝင်ပြီး အဓိကအချက် ၆ ချက်ဖြစ်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ခရီးသွားလုပ်ငန်း၊ အများပြည်သူလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဒစ်ဂျစ်တယ်ပြုလုပ်ခြင်းနှင့် AI နည်းပညာနှင့်ခေါင်းဆောင်မှုစွမ်းရည်များကိုအခြေခံ၍ ဖွဲ့စည်းဖော်ဆောင် ထားပါသည်။

အထူးပြုမိတ်ဖက်များတွင် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် Dubai College of Tourism ကောလိပ်၊ အများပြည်သူလုံခြုံရေးကဏ္ဍအတွက် အမျိုးသားအရေးပေါ်အကျပ်အတည်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့နှင့် ဆိုက်ဘာလုံခြုံရေးလမ်းကြောင်းကဏ္ဍအတွက် ယူအေအီး Cyber Security Council တို့ပါဝင်ပါသည်။ ဤအစီအစဉ်သည် virtual learning အပြင် ကွင်းဆင်းလေ့လာမှုများနှင့် အသုံးချစီမံကိန်းများကိုပေါင်းစပ်ထားပြီး ပြည့်စုံပြီးလက်တွေ့ကျသော လေ့ကျင့်မှုများဖြင့် ပေးအပ်ထားပါသည်။

ပါဝင်တက်ရောက်ကြသူများတွင် အစိုးရအဖွဲ့၏ ဒုတိယအကြီးအကဲများ၊ သံအမတ်ကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အမှုဆောင်ခေါင်းဆောင်များတို့ပါဝင်ပြီး အဖွဲ့၏ အဆင့်မြင့်မားမှုနှင့် အစီအစဉ်၏မဟာဗျူဟာမြောက်အရေးပါမှုကို ထင်ဟပ်စေပါသည်။

ယှဉ်ပြိုင်နိုင်စွမ်းနှင့် အတွေ့အကြုံဖလှယ်ရေးဆိုင်ရာ အစိုးရအဖွဲ့ရေးရာ လက်ထောက်ဝန်ကြီး Abdulla Nasser Lootah က စဉ်ဆက်မပြတ်သင်ယူမှုမှတစ်ဆင့် အစိုးရခေါင်းဆောင်များအား ဖွံ့ဖြိုးတိုးတက်စေခြင်းသည် အနာဂတ်အတွက်အသင့်ဖြစ်စေမည့် အဖွဲ့အစည်းများကိုတည်ဆောက်ရာတွင် အဓိကကျကြောင်းနှင့် အစီအစဉ်သည် အစိုးရနှစ်ရပ် အကြား အသိပညာဖလှယ်မှုကို မြှင့်တင်ရာတွင် သိသာထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့ပါသည်။

ယခုအစီအစဉ်ကို ယူအေအီးနိုင်ငံမှ ၂၀၁၈ ခုနှစ်အတွင်းက မိတ်ဖက်နိုင်ငံများနှင့် အကောင်းဆုံးလုပ်ဆောင်မှုများကိုမျှဝေရန်နှင့် အစိုးရဖွံ့ဖြိုးတိုးတက်ရေးတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်အတွက် မိတ်ဆက်ခဲ့သည့် အစိုးရအတွေ့အကြုံဖလှယ်ရေးအစီအစဉ်အရ ကမ္ဘာ့အစိုးရများထိပ်သီးအစည်းအဝေး ၂၀၂၅ အတွင်းစတင်ခဲ့သော မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုအခြေခံ၍  ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News