တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် ယွမ်(၁၀၁.၂၇)ဘီလီယံအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၂.၈)ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ပို့ကုန်သည် ယွမ်(၆၃.၂၈)ဘီလီယံနှင့် သွင်းကုန်သည် ယွမ်(၃၇.၉၉)ဘီလီယံတို့ရှိခဲ့ကြောင်း သိရသည်။
ချန်ရှားမြို့နှင့် ရွဲ့ရန်မြို့တို့သည် အာဆီယံနှင့် ဟူနန်ပြည်နယ်အကြား ကုန်သွယ်မှုအတွက် အဓိကမြို့များဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အာဆီယံနှင့် ဟူနန်ပြည်နယ်၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး၏ (၇၁.၇)ရာခိုင်နှုန်းရှိကြောင်း၊ ချန်ရှားမြို့သည် အာဆီယံနိုင်ငံများသို့ ယွမ်(၃၈.၉၅)ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး စုစုပေါင်းပို့ကုန်၏(၆၀)ရာခိုင်နှုန်းကျော်ရှိကာ (၂၄.၃)ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ သွင်းကုန်အနေဖြင့် ချန်ရှားမြို့နှင့် ရွဲ့ရန်မြို့တို့သည် အာဆီယံမှ ယွမ်(၁၇.၉၅)ဘီလီယံနှင့် ယွမ်(၁၃.၆၉)ဘီလီယံအသီးသီးတင်သွင်းခဲ့ကြောင်း သိရသည်။
မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့သည် ဟူနန်ပြည်နယ်၏ ထိပ်တန်းကုန်သွယ်ဖက်သုံးနိုင်ငံဖြစ်ပြီး ဟူနန်ပြည်နယ်နှင့် မလေးရှားနိုင်ငံ၏ ကုန်သွယ်မှု သည် ယွမ်(၂၅.၄၇)ဘီလီယံရှိပြီး ဟူနန်၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ကြောင်း၊ ဟူနန်ပြည်နယ်၏ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့နှင့် ကုန်သွယ်မှုသည် ယွမ်(၂၃.၁၇)ဘီလီယံနှင့် ယွမ်(၂၃.၀၈)ဘီလီယံရှိခဲ့ကာ (၃၀.၅)ရာခိုင်နှုန်းနှင့် (၂၆.၅) ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ကြောင်းသိရသည်။
ဟူနန်ပြည်နယ်၏သွင်းကုန်များမှာ အဓိကအားဖြင့် စွမ်းအင်၊ ဓာတ်သတ္တု၊ ရော်ဘာနှင့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်ပြီး ပို့ကုန်များမှာ စက်ပစ္စည်းများ၊ လျှပ်စစ်ထုတ်ကုန်များနှင့် လျှပ်စစ်ကားများ၊ လစ်သီယမ်-အိုင်းယွန်းဘက်ထရီများနှင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာထုတ်ကုန်များဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဟူနန်ပြည်နယ်သည် အာဆီယံမှ ရေနံစိမ်း၊ ကျောက်မီးသွေးနှင့် သတ္တုရိုင်းများတင်သွင်းမှုသည် (၂၃.၇)ရာခိုင်နှုန်း၊ (၆.၆)ရာခိုင်နှုန်းနှင့် (၉.၂)ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ကြောင်း၊ ယွမ်သန်း(၉၀၀)တန်ဖိုးရှိ စားအုန်းဆီများအပါအဝင် လယ်ယာထွက်ကုန်တင်သွင်းမှုသည် ယွမ်(၃.၈၂)ဘီလီယံရှိခဲ့ကာ (၄၁.၄)ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် အာဆီယံသို့ ဟူနန်ပြည်နယ်၏ စက်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများတင်ပို့မှုသည် စုစုပေါင်းယွမ်(၄၀.၈၁)ဘီလီယံရှိပြီး (၂၃.၆)ရာခိုင်နှုန်းမြင့်တက်လာကာ စုစုပေါင်းတင်ပို့မှု၏ (၆၀)ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း၊ လျှပ်စစ်ကား များကဲ့သို့သောထုတ်ကုန်သစ်(၃)မျိုး၏တင်ပို့မှုသည်(၄၆၀)ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယွမ်(၅.၈၁) ဘီလီယံအထိရောက်ရှိခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)စတင်အသက်ဝင်သည်မှာ လေးနှစ်မြောက်ရှိပြီဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့တွင် တရုတ်နှင့် အာဆီယံတို့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ(CAFTA)3.0ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ဤမှတ်တိုင်သည် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို သမရိုးကျကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဖြေလျှော့မှုများနှင့် လွယ်ကူချောမွေ့စေမှုများမှသည် ဒစ်ဂျစ်တယ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော စီးပွားရေးအပါအဝင် ထွန်းသစ်စနယ်ပယ်များသို့ပါ ချဲ့ထွင်နိုင်စေမည်ဖြစ်ကြောင်း၊ အကောက်ခွန်အာဏာပိုင်များသည် ဟူနန်ပြည်နယ်ရှိ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများအား CAFTA 3.0 Upgrade Protocol နှင့် RCEP နှစ်ခုလုံးကိုအကျိုးရှိစွာအသုံးချရန်အကြံပြုထားကြောင်း၊စက်မှုနှင့်ထောက်ပံ့ ရေးကွင်းဆက်များတွင် အာဆီယံနှင့် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ခြင်း၊ ဟူနန်ပြည်နယ်ရှိ စက်မှုဇုန်များနှင့် အာဆီယံနိုင်ငံများရှိ ဆိပ်ကမ်းများအကြား ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် ကုန်ကျစရိတ်များကို လျှော့ချခြင်းနှင့် လုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ပါဝင်ကြောင်း သိရသည်။
ဟူနန်ပြည်နယ်သည် တရုတ်နိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည့် ကုန်းတွင်းပိတ်ပြည်နယ်တစ်ခုဖြစ်ရာ Inland logistic hub ဖြစ်လာစေရေးဆောင်ရွက်လျက်ရှိသည့်အပြင် ၎င်းနှင့်ထိစပ်နေသည့် ကွမ်းတုန်းပြည်နယ်နှင့် ကွမ်းရှီးဒေသတို့ရှိ ပင်လယ်ထွက်ပေါက်များကို အသုံးပြု၍ အာဆီယံနိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရန် ဟူနန်-အာဆီယံကုန်စည်ပြပွဲများကိုလည်းကျင်းပလျက်ရှိရာ အဆိုပါပြပွဲများမှတစ်ဆင့် မြန်မာ့ထုတ်ကုန်များကို ဟူနန်ပြည်နယ်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
Source: https://www.enghunan.gov.cn/hneng/News/Localnews/202602/t20260201_ 33906575.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)