International News

တရုတ်-ဗြိတိန် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရန် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့

Last Updated:

ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် စီးပွားရေးနှင့် ကုန်သွယ်မှုယန္တရားများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ညှိနှိုင်းကြိုးပမ်းမှုများမှတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန် ရည်ရွယ်၍ တရုတ်နှင့်ဗြိတိန်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများချုပ်ဆိုခဲ့သည်ဟု တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံသည် စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ(၄) စောင်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးမိတ်ဖက်များအား ၎င်း၏ကြီးမားသောဈေးကွက်ကို မျှဝေနိုင်စေရန် ဆောင်ရွက်လျက်ရှိချိန်တွင် တရုတ်နိုင်ငံနှင့် ပို့ကုန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးခြင်းဖြင့် ဗြိတိန်သည် တရုတ်နှင့် ယင်းသို့သောစာချွန်လွှာကို လက်မှတ်ရေးထိုးသည့် ပထမဆုံးနိုင်ငံဖြစ်လာကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု သိရသည်။

နှစ်နိုင်ငံသည် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့သည့် ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ရပ်ကို ထူထောင်ကာ တရုတ်နိုင်ငံသို့ အရည်အသွေးမြင့်ဗြိတိန်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများတင်ပို့နိုင်သည့်အလားအလာများကို ရှာဖွေရန်၊ သတင်းအချက် အလက်ဖလှယ်မှု မြှင့်တင်စေရန်၊ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် တရုတ်-ဗြိတိန်ကုန်သွယ်မှုအားကောင်းလာစေရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရသည်။။

အခြားနားလည်မှုစာချွန်လွှာ(၂)စောင်ဖြစ်သည့် တရုတ်-ဗြိတိန်ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ပူးတွဲဖြစ်နိုင်ခြေလေ့လာရေးနားလည်မှုစာချွန်လွှာနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခြင်းဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် ပေါင်းစပ်အားသာချက်များနှင့် ကဏ္ဍအလိုက်အကျိုးကျေးဇူးများကို အပြည့်အဝအသုံးချကာတီထွင်ဆန်းသစ်သော စက်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာဝန်ဆောင်မှုများ၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်-ဗြိတိန်စီးပွားရေးနှင့် ကုန်သွယ်ရေးပူးတွဲကော်မရှင်၏လုပ်ငန်းဆောင်ရွက်မှုအားကောင်းစေရေးနားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံ စီးပွားရေးနှင့်ကုန်သွယ် ရေးမူဝါဒများဆွေးနွေးမှုနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတို့အတွက် ပလက်ဖောင်းတစ်ခုအဖြစ် ကော်မရှင်၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါကော်မရှင်နှင့် ဗြိတိန်-တရုတ်စီးပွားရေးကောင်စီတို့အကြား အပြန်အလှန်ဆက်ဆံရေးကိုမြှင့်တင်ရန်၊ နှစ်နိုင်ငံအစိုးရများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ဆွေးနွေးမှုအားကောင်းလာစေရန်၊ နှစ်ဖက်လုပ်ငန်းရှင်များ ရင်ဆိုင်ရသည့် ပြဿနာများနှင့် တောင်းဆိုချက်များကို ဖြေရှင်းရာတွင် လွယ်ကူချောမွေ့စေရန်နှင့် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးနက်ရှိုင်းစေရန် အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

Source: https://en.people.cn/n3/2026/0131/c90000-20421255.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News