အမေရိကန်ဒေါ်လာအကြပ်အတည်းကြုံတွေ့နေချိန်တွင်တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာအဖြစ်ရပ်တည်နေမှုကို မဟာဗျူဟာကျကျတွန်းအားပေးလုပ်ဆောင်နေပြီး ယွမ်ငွေကို ကမ္ဘာသုံးငွေကြေးတစ်ခုဖြစ်လာစေရန် အရှိန်အဟုန်မြှင့်ဖော်ဆောင်လျက်ရှိခြင်းကြောင့် ဟောင်ကောင်၏တမူထူးခြားသည့်အခန်းကဏ္ဍမှာ ပိုမို၍အရေးပါလာခဲ့ကြောင်း ၅-၂-၂၀၂၆ ရက်ထုတ် The Standard သတင်းစာတွင် “The yuan’s ascent: how HK is strategically facilitating China’s global reserve currency ambitions” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
အဆိုပါသတင်းတွင် ယွမ်ငွေကို ကမ္ဘာ့အဓိကအရန်ငွေကြေးတစ်ခုဖြစ်အောင် ဖော်ဆောင်သွားမည်ဟု သမ္မတရှီကျင့်ဖျင်မှပြောကြားလိုက်ခြင်းသည် နိုင်ငံ၏ရေရှည်အမျိုးသားမဟာဗျူဟာကို ဖော်ညွှန်းလိုက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိအချိန်တွင် ကမ္ဘာ့အခင်းအကျင်းပြောင်းလဲလာခြင်းကြောင့် တရုတ်နိုင်ငံ၏ အဆိုပါရည်မှန်းချက်မှာလည်း အရှိန်အဟုန်ကောင်းရရှိလာနေကြောင်း၊ အမေရိကန်-တရုတ်အကြား ကုန်သွယ်ရေးတင်းမာမှုများကြောင့် တရုတ်နိုင်ငံမှ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများနှင့် ကုန်သွယ်မှုမြှင့်တင်လာပြီး နှစ်ဖက်ငွေပေးချေမှုများတွင် ယွမ်ငွေအသုံးပြုရန် တွန်းအားပေးသကဲ့သို့ဖြစ်စေကြောင်း၊ ထိုကဲ့သို့ ယွမ်ငွေအသုံးပြုပေးချေခြင်းနှင့် ၂၀၂၅ ခုနှစ်အတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံရှိနေခြင်းတို့သည် အမေရိကန်ဒေါ်လာသုံးငွေစီးဆင်းမှုကို အားနည်း သွားစေကာယွမ်ငွေအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖန်တီးနိုင်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားပါသည်။
၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏အထူးငွေထုတ်ခွင့်(IMF’s SDR) ငွေကြေးအုပ်စု၌ တရုတ်ယွမ်ငွေပါဝင်လာခြင်းမှာလည်း ယွမ်ငွေ၏ ကမ္ဘာလုံးဆိုင်ရာအရေးပါမှုနှင့် ငွေကြေးတန်ဖိုးမြင့်တက်ခြင်းတို့၏ အရေးပါသည့်ပြယုဒ်တစ်ခုဖြစ်ကြောင်း၊နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏အထူးငွေထုတ်ခွင့်သည် အဖွဲ့ဝင် နိုင်ငံများအတွက် တရားဝင်အရန်ငွေကြေးအဖြစ် IMF အဖွဲ့မှ တည်ထောင်ထားသည့်နိုင်ငံတကာအရံငွေကြေးများဖြစ်ပြီး၊ လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ္ဍာရေး စနစ်သို့ ပူးပေါင်းသွားရန် ရည်မှန်းထားကြောင်း၊ အမေရိကန်ဒေါ်လာအားနည်းလာခြင်းနှင့်အတူ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခြားနည်းလမ်းများကို ရှာဖွေလျက်ရှိရာ ယွမ်ငွေဖြင့် ဝယ်ယူနိုင်သည့် ငွေချေးစာချုပ်များကို ကုန်သွယ်မှုအဖြစ်လည်းကောင်း အမေရိကန်ဒေါ်လာဖြင့် ပိုင်ဆိုင်မှုများအတွက် အစားထိုးရာတစ်ခုအဖြစ်လည်းကောင်း ဝယ်လိုအားမြင့်တက်လာသည်ဟုဟောင်ကောင်စတော့ အိတ်ချိန်မှ ပြောကြားခဲ့ကြောင်း၊ ထိုကဲ့သို့ဝယ်လိုအားမြင့်တက်လာခြင်းကြောင့်လည်း ယွမ်ငွေအားကောင်းလာရေးအတွက် အထောက်အကူပြုခဲ့ပြီး မကြာသေးသောကာလ၌ (၃၃)လအတွင်း အမြင့်ဆုံးအဖြစ်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
Capital account convertibility အပြည့်အဝမရှိဘဲ ယွမ်ငွေသည် စစ်မှန်သည့် အရန်ငွေကြေးတစ်ခု မည်သို့ဖြစ်လာနိုင်မလဲဆိုသည်မှာ မကြာခဏမေးတတ်သည့် အရေးပါသောမေးခွန်းတစ်ခုဖြစ်ပြီး အဆိုပါမေးခွန်းအတွက်အဖြေမှာဟောင်ကောင် ၏မဟာဗျူဟာမြောက်ရပ်တည်မှု တန်ဖိုးများဖြစ်ကြောင်း၊ ကမ္ဘာ့အကြီးဆုံး တရုတ်ပြည်မပြင်ပယွမ်ငွေအချက်အချာဒေသတစ်ခုဖြစ်သည်နှင့်အညီ ဟောင်ကောင်ဒေသ၌ ယွမ်ငွေကို နိုင်ငံတကာသုံးငွေကြေးဖြစ်လာစေရေးဖော်ဆောင်မှုအတွက် စမ်းသပ် ရာနေရာတစ်ခုအဖြစ် ရပ်တည်နေကြောင်း၊ ထိုမှတစ်ဆင့် တရုတ်ပြည်မပြင်ပ ယွမ်ငွေစုဝေးရာနေရာအဖြစ်လည်းကောင်း ယွမ်ငွေဖြင့် ဝယ်ယူနိုင်သည့် ဘဏ္ဍာရေးထုတ်ကုန်များတိုးမြှင့်ထုတ်ဝေခြင်းဖြင့် တရုတ်ပြည်မအနေဖြင့် ၎င်းတို့ ၏ငွေကြေးထိန်းချုပ်မှု အပြည့်အဝလွတ်လပ်ခွင့်ပေးရန်မလိုအပ်ဘဲ ဟောင်ကောင်ဒေသက ကမ္ဘာတစ်လွှားမှ ရင်းနှီးမြှုပ်နှံသူများအား ယွမ်ငွေအသုံးပြုရောင်းဝယ်မှုများပြုလုပ်နိုင်စေကြောင်း၊ ယွမ်ငွေမြှင့်တင်မှုအတွက် ထိုကဲ့သို့ဆောင်ရွက်ခြင်းမှာ သမိုင်းတွင်ဖြစ်ပွားခဲ့သည့် အတွေ့အကြုံများကို အခြေခံခြင်းဖြစ်ကြောင်း၊ အာရှဘဏ္ဍာရေးအကြပ်အတည်းဖြစ်ပွားချိန်တွင် အာရှဒေသမှ ငွေကြေးများကို အများအပြားထုတ်ရောင်းခြင်းနှင့် ငွေကြေးချိတ်ဆက်ထားခြင်းများကို တန်ဖိုးချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများစသည့်လုပ်ဆောင်ချက်များကြောင့် အာရှဒေသ၏ ငွေကြေးများကို ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရကြောင်း၊ တရုတ်အာဏာပိုင်များအနေ ဖြင့် ငွေလုံးငွေရင်းကို အလျင်စလိုဖွင့်လှစ်ပေးခြင်းကြောင့် ယွမ်ငွေကိုထိခိုက်စေမည်ကိုစိုးရိမ်ပူပန်ကြကြောင်း၊ သို့သော် လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်နေသောကြောင့် ယွမ်ငွေအပေါ်ထိခိုက်လာနိုင်မှုအတွက်အကာအကွယ်ဖြစ်နေပြီး၊ ထိုကဲ့သို့အင်အားကောင်းလာခြင်းသည်ဟောင်ကောင်ဒေသမှ အရေးပါသည့်ကြားခံနယ်မြေနှင့် တံခါးပေါက်အဖြစ်အသုံးပြု၍ တဖြည်းဖြည်းချင်းနှင့်စနစ်တကျထိန်းကျောင်းဖွင့်လှစ်ရန်အတွက် အခွင့်အလမ်းများဖန်တီးထားကြောင်းဖြင့် ဖော်ပြထားပါသည်။
ယွမ်ငွေ၏အရေးပါမှုမြင့်တက်လာခြင်းကြောင့် ဟောင်ကောင်ဒေါ်လာ၏အနာဂတ်နှင့်စပ်လျဉ်း၍ မေးခွန်းထုတ်သူအချို့ရှိလာခဲ့သော်လည်း ဟောင်ကောင်ဒေါ်လာ၏ ရပ်တည်မှုမှာ အရေးပါနေဆဲဖြစ် ကြောင်း၊ ဟောင်ကောင်ဒေါ်လာသည် တရုတ်နိုင်ငံအတွက် ထူးခြားသည့် ငွေရေးကြေးရေးဆိုင်ရာ ကိရိယာတစ်ခုအဖြစ်ရှိနေခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ယုံကြည်စိတ်ချမှုရှိရှိဖြင့် နိုင်ငံ တကာဘဏ္ဍာရေးဆောင်ရွက်ချက်များကို ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း၊ဟောင်ကောင်ဒေါ်လာအနေဖြင့် အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်ထားမှုအပေါ် ဆွေးနွေးစရာခေါင်းစဉ်တစ်ခုဖြစ်နေချိန်တွင် အနာဂတ် IMF’s SDR ငွေကြေးအုပ်စုသို့ ကူးပြောင်းနိုင်စွမ်းပိုမိုတည်ငြိမ်လာနိုင်မည်ဖြစ်ကြောင်း၊ ယွမ်ငွေ၏စနစ်တကျစီမံခန့်ခွဲထားသည့် အားကောင်းလာမှုနှင့် ဟောင်ကောင်ဒေါ်လာ၏ကမ္ဘာ့လုံးဆိုင်ရာ ပေါင်းစည်းမှု၌ ထိရောက်မြန်ဆန်မှုတို့ကြောင့် လက်ရှိအချိန်တွင် ငွေကြေးနှစ်ခုလုံးမှာ ပြောင်းလွယ်ပြင်လွယ်မှုအားကောင်းနေကြောင်း၊ ယွမ်ငွေကိုအခြေခံသည့် အရန်ငွေစနစ်တစ်ခုသို့ သွားရောက်သောလမ်းကြောင်းမှာ ဖြည်းဖြည်းမှန်မှန်ဖြင့် အချိန်ယူသွားရမည့် ခရီးရှည်ဖြစ်ကြောင်း၊ ဟောင်ကောင် ဒေသ၏ ငွေကြေးဈေးကွက်အားကောင်းမှု၊ ခိုင်မာသည့်တရားရေးမူဘောင်၊ ဘဏ္ဍာရေးဆိုင်ရာဆန်းသစ်တီထွင်မှုတို့ကြောင့် ယွမ်ငွေကမ္ဘာ့အရန်ငွေကြေးတစ်ခုဖြစ်လာရေး ရည်မှန်း ချက်အတွက် တွန်းအားတစ်ရပ်ဖြစ်စေကြောင်း၊ ကမ္ဘာ့စီးပွားရေးအခြေအနေများ ပြောင်းလဲနေချိန်တွင် နိုင်ငံတကာဘဏ္ဍာရေးပုံစံကို ပြန်လည်ရေးဆွဲရာ၌ ဟောင်ကောင်ဒေသ၏အခန်းကဏ္ဍ ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: https://www.thestandard.com.hk/the-standard-stands/article/323659/
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)