MERCOSUR-စင်ကာပူလွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်(MERCOSUR-Singapore Free Trade Agreement - MCSFTA) သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် စင်ကာပူနိုင်ငံနှင့် ပါရာဂွေးနိုင်ငံတို့အတွက် အသက်ဝင်ပြီဖြစ် ကြောင်း၊ MCSFTA သည် စင်ကာပူနိုင်ငံ၏ ၂၉ ခုမြောက် လွတ်လပ်သောကုန်သွယ် မှုသဘောတူစာချုပ်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံအတွက် MERCOSUR အဖွဲ့ဝင် နိုင်ငံများနှင့်ပထမဦးဆုံးကုန်သွယ်မှုသဘောတူစာချုပ်ဖြစ်ပြီးMERCOSUR အတွက် အရှေ့တောင်အာရှနိုင်ငံတစ်ခုနှင့် ပထမဦးဆုံးကုန်သွယ်မှုသဘောတူစာချုပ်ဖြစ် ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။
စင်ကာပူနိုင်ငံနှင့် ဥရုဂွေးနိုင်ငံအတွက် စာချုပ်အသက်ဝင်မည့်ရက်မှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှာ စာချုပ်အသက်ဝင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိပါသည်။ သက်သာသည့်အခွန်နှုန်းထားများဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်း၊ ပွင့်လင်းမြင်သာမှုရှိပြီး ခန့်မှန်းနိုင်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တည်ဆောက်ခြင်း၊ ကုန်သွယ်ရေး၊ စွန့်ဦးတီထွင်မှု၊ ဒီဂျစ်တယ်စနစ်၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု၊ စားနပ်ရိက္ခာဖူလုံရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးစသည့်နယ်ပယ်များတွင် ပူးပေါင်းမှုများတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် MCSFTA သည် စင်ကာပူနိုင်ငံနှင့် တောင်အမေရိက ၄ နိုင်ငံဖြစ်သည့် အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ပါရာဂွေးနိုင်ငံ၊ ဥရုဂွေးနိုင်ငံတို့နှင့် စီးပွားရေးအရ ချိတ်ဆက်မှုအားကောင်းစေရန် ရည်ရွယ်ပါသည်။
MERCOSUR သည် ၂၀၂၅ ခုနှစ်တွင် ဂျီဒီပီအားဖြင့် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ၊ လူဦးရေ ၂၉၅ သန်းရှိသည့် နိုင်ငံများအစုအဖွဲ့ဖြစ်ပါသည်။ MERCOSUR အဖွဲ့ဝင် ၄ နိုင်ငံတွင် စင်ကာပူကုမ္ပဏီ ၂၀၀ ကျော်လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် MERCOSUR အဖွဲ့ဝင် ၄ နိုင်ငံနှင့် စင်ကာပူ နိုင်ငံ၏ကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၁၁.၉ ဘီလီယံရှိခဲ့ကာ လက်တင်အမေရိကနှင့် ကုန်သွယ်မှုစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။ MCSFTA ကို (၆၃)ကြိမ်မြောက် MERCOSUR နှင့် မိတ်ဖက်နိုင်ငံများ၏ နိုင်ငံအကြီးအကဲခေါင်းဆောင်များဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ရင်းမြစ်။ Ministry of Trade and Industry, Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)