ကုန်သွယ်မှုလိုငွေကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ၃,၄၃၆.၄ ဘီလီယံယန်းရှိခဲ့ပြီး၊ အများဆုံးဖြစ်ခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ၈-၇-၂၀၂၅ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “Japan's current account surplus sets record for May as trade deficit shrinks” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် နိုင်ငံတကာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအခြေ အနေကို ညွှန်ပြလျက်ရှိသော ဂျပန်နိုင်ငံ၏စာရင်းရှင်စာရင်းမှာ ၄ လဆက်တိုက်လိုငွေဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဂျပန်နိုင်ငံ၏ကုန်သွယ်မှုလိုငွေမှာ ၁,၀၉၈ ဘီလီယံယန်းရှိခဲ့သော်လည်း မေလတွင် ၅၂၂.၃ ဘီလီယံယန်းသို့ လျော့ကျခဲ့ကြောင်း၊ မော်တော်ယာဉ်နှင့်သံမဏိတင်ပို့မှု ကျဆင်းခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ ပို့ကုန်မှာ ၁.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၈၀၃၄.၄ ဘီလီယံယန်းရှိခဲ့ကြောင်း၊ ရေနံစိမ်းနှင့် ကျောက်မီးသွေးဈေးနှုန်းများကျဆင်းခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏သွင်းကုန်တန်ဖိုးမှာ ၇.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၈၅၅၆.၈ ဘီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်ကုမ္ပဏီများ၏ အမြတ်ခွဲဝေရရှိခဲ့မှုမှာ ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊၄,၂၅၅.၅ ဘီလီယံယန်းရှိခဲ့ကြောင်း၊ ယန်းငွေတန်ဖိုး ကျဆင်းခြင်းနှင့် ပြည်ပနိုင်ငံများတွင် အတိုးနှုန်းများကျဆင်းလျက်ရှိခြင်းတို့ကြောင့် ချေးငွေစာချုပ်များမှ အမြတ်ရရှိမှုပမာဏမှာ ကျဆင်းလာသည့်အတွက် စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံမှုမှာလည်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ မေလတွင် ဝန်ဆောင်မှုကုန်သွယ်မှုမှ ၂၀၁.၁ ဘီလီယံယန်းပိုငွေဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယခင်နှစ်အလားတူကာလတွင် ၅၁.၆ ဘီလီယံယန်းလိုငွေဖြစ်ပေါ်ခဲ့ရာမှ ပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များလာရောက်မှု များပြားခဲ့ခြင်းကြောင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍတွင် ပိုငွေအများဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)