International News

၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏လစာနှုန်းထားမှာ ၂.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂ နှစ်နီးပါးအတွင်း အများဆုံးကျဆင်းခဲ့

Last Updated:

လစာတိုးမြှင့်မှုနှုန်းမှာ ငွေကြေးဖောင်းပွမှုနှုန်းအောက် ဆက်လက်ကျဆင်းလျက်ရှိသည့်အတွက် ၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏လစာနှုန်းမှာ ယခင်နှစ်အလား တူကာလနှင့်နှိုင်းယှဉ်ပါက ၂.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၅ လဆက်တိုက်ကျဆင်းခဲ့ကြောင်းနှင့် ၂ နှစ်နီးပါးအတွင်း အများဆုံးကျဆင်းခဲ့ကြောင်း ၇-၇-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan's real wages in May fall 2.9%, sharpest drop in nearly 2 years” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အလုပ်သမားများကို ချီးမြှင့်ငွေပေးမှုများလျော့နည်းခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် လစာနှုန်းထားကျဆင်းမှုမှာ မူလခန့်မှန်းထားသည့် ၂ ရာခိုင်နှုန်းထက် ပိုမို၍ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ အများဆုံးကျဆင်းခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားပါသည်။

အခြေခံလစာနှင့်အချိန်ပိုကြေးအပါအဝင် အလုပ်သမားတစ်ဦး၏လစာရရှိမှုနှုန်းမှာ ပျမ်းမျှအားဖြင့် ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃၀၀,၁၄၁ ယန်း(အမေရိကန်ဒေါ်လာ ၂,၀၀၀)ရှိခဲ့ကြောင်းနှင့် ၄၁ လ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ ကုမ္ပဏီကြီးများအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် လစာဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် လစာနှုန်းထားကို ၅.၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန် သဘောတူညီခဲ့ကြကြောင်းနှင့် လစာတိုးမြှင့်မှုနှုန်းမှာ ၂ နှစ်ဆက်တိုက် ၅ ရာခိုင် နှုန်းအထက် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဆန်နှင့် အခြားသောစားသောက်ကုန်များ၏ ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလတွင် ဆုကြေးငွေနှင့်ခရီးသွားလာစရိတ်စသည့် အထူးရရှိငွေများမှာ ၁၈.၇ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး၊ ၁၂,၅၉၅ ယန်းသာရရှိခဲ့ခြင်းကြောင့် ပျမ်းမျှလစာရရှိမှုမှာလည်း လျော့နည်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလတွင် ကုမ္ပဏီအနည်းငယ်သာ ဆုကြေးငွေများပေးအပ်ခဲ့ခြင်းကြောင့် အထူးရရှိငွေမှာ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇွန်လတွင် ဆုကြေးငွေပေးအပ်မှုမှာ များပြားလာနိုင်သည့် အတွက် အထူးရရှိငွေလည်း များပြားလာနိုင်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News