International News

စင်ကာပူနှင့် ရှန်ဟိုင်းအကြား ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သဘောတူ

Last Updated:

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၅)ကြိမ်မြောက် စင်ကာပူ-ရှန်ဟိုင်းဘက်စုံပူးပေါင်းဆောင်ရွက်မှုကောင်စီ(Singapore-Shanghai Comprehensive Cooperation Council-SSCCC)အစည်းအဝေးတွင် စင်ကာပူနှင့် ရှန်ဟိုင်း၊ Yangtze River Delta(YRD)ဒေသတို့အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေး မြှင့်တင်ရန်သဘောတူခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို စင်ကာပူနိုင်ငံ၊ ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန(Ministry of Culture, Community and Youth)နှင့် ဥပဒေရေးရာဝန်ကြီးဌာန(Ministry of Law)ဝန်ကြီး Mr. Edwin Tong နှင့် ရှန်ဟိုင်းမြို့တော်ဝန် Mr. Gong Zheng တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါသည်။

စင်ကာပူနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးမှာ ၂၀၁၇ ခုနှစ်မှစတင်၍ နှစ်စဉ် ၁၃ ရာခိုင်နှုန်းတိုးတက်လျက်ရှိပြီး ရှန်ဟိုင်း၏ဒီဂျစ်တယ်စီးပွားရေးမှာ ၂၀၂၅ ခုနှစ်တွင် ယွမ် ၃ ထရီလီယံအထိရရှိမည်ဟု မျှော်မှန်းထားပါသည်။ သို့ဖြစ်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်သဘောတူခဲ့ပါသည်။ နှစ်ဖက်အစိုးရဌာနများနှင့် ကုမ္ပဏီများအကြား အသိပညာများဖလှယ်ခြင်း၊ နည်းပညာရှင်များထိတွေ့ဆက်ဆံခြင်း၊ လုပ်ထုံးလုပ်နည်းအသစ်များမျှဝေခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီဂျစ်တယ်ကုန်သွယ်မှုအတွက် electronic Bills of Lading များမှတစ်ဆင့် ဒီဂျစ်တယ်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆောင်ရွက်မည့် ကနဦးစီမံကိန်းများကိုထောက်ပံ့ပေးရန် သဘောတူခဲ့ပါသည်။

ယုံကြည်စိတ်ချရသည့် စီးပွားရေးဆိုင်ရာ အချက်အလက်များမျှဝေခြင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်နှင့် မူဝါဒများလေ့လာသိရှိနိုင်ရန် နှစ်နိုင်ငံအကြား အချက်အလက်စီးဆင်းမှုစနစ်အတွက် အသိပညာဖလှယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

“SSCCC သည် နှစ်ဖက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကိုမြှင့်တင်ရာတွင် အရေးပါသည့်စင်္ကြံ ဖြစ်ကြောင်း၊ နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ နှစ်ဖက်အပြန်အလှန်ပညာရှင်များဖလှယ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ရှန်ဟိုင်းနှင့်ပူးပေါင်းဆောင်ရွက်မှုမျိုးစုံကို သိရှိနိုင်ရန်အတွက် Enterprise Singapore၊ SSCCC တို့နှင့် အတူတကွလုပ်ငန်းဆောင်ရွက်ကြရန် စင်ကာပူကုမ္ပဏီများကို တိုက်တွန်းကြောင်း” ဝန်ကြီး Tong က ပြောကြားခဲ့ပါသည်။

(၅)ကြိမ်မြောက်စင်ကာပူ-ရှန်ဟိုင်းဘက်စုံပူပေါင်းဆောင်ရွက်မှုကောင်စီ(Singapore-Shanghai Comprehensive Cooperation Council-SSCCC)အစည်းအဝေးတွင် ဒီဂျစ်တယ်စီးပွားရေး၊ မြို့ပြစီမံမှု၊ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ သဘောတူစာချုပ် ၁၅ ခုကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ရင်းမြစ်။        Enterprise Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News