International News

ယခုဘဏ္ဍာနှစ်တွင် သဘာဝရော်ဘာထုတ်လုပ်မှု တန်ချိန် ၈ ဒသမ ၇၅ သိန်းအထိရရှိနိုင်မည်ဟု အိန္ဒိယရော်ဘာဘုတ်အဖွဲ့ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံတွင် Kerala နှင့် အရှေ့မြောက်ဒေသများတွင် မိုးရွာသွန်းမှုများပြားလာပြီး၊ ရာသီဥတုအခြေအနေပိုမိုကောင်းမွန်လာကာ ရောဂါထိန်းချုပ်ရေးဆောင်ရွက်မှုများကြောင့် ၂၀၂၅ ဘဏ္ဍာနှစ်အတွက် အိန္ဒိယနိုင်ငံ၏သဘာဝ ရော်ဘာထုတ်လုပ်မှုသည် တန်ချိန် ၈၇၅၀၀၀ အထိထွက်ရှိနိုင်မည်ဟု ရော်ဘာဘုတ်အဖွဲ့မှ ခန့်မှန်းထားကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၀ ရက်က ဖော်ပြသည်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ရော်ဘာစိုက်ပျိုးမှုစုစုပေါင်းဧရိယာ ၈၈၉၀၀၀ ဟက်တာရှိခဲ့ရာမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ဟက်တာ ၈၈၉၀၀၀ အထိ တိုးတက်လာမည်ဟုခန့်မှန်းထားသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရှိ ရာဘာစိုက်ဧရိယာသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်လျှင် ၈၅၀၀ ဟက်တာတိုးမြင့်လာခြင်းကြောင့် လက်ရှိနှစ်၌ ရော်ဘာရရှိနိုင်မှု ပိုမိုများပြားလာဖွယ်ရှိကြောင်း ဘုတ်အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ရာဘာသုံးစွဲမှုတန်ချိန် ၁၄၁၆၀၀၀ ရှိပြီး၊ ၎င်းအနက် မှိုင်းခံရော်ဘာသုံးစွဲမှု ၅၈၉၃၄၅ တန်ရှိပြီး စုစုပေါင်းသုံးစွဲမှု၏ ၄၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ ရော်ဘာစေး(latex)သုံးစွဲမှု ၁၀၈၄၀၅ တန်ရှိပြီး စုစုပေါင်းသုံးစွဲမှု၏ ၇ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ယင်းအချက်က စက်မှုလုပ်ငန်းကဏ္ဍအနေဖြင့် အခြားရော်ဘာအရည်အသွေးအဆင့်များထက် မှိုင်းခံရော်ဘာ(RSS) အား လိုအပ်မှုပိုမိုများပြားလျက်ရှိသည်ဟု ဆိုလိုသည်။ ပြည်တွင်း၌ ထုတ်လုပ်သော RSS ရော်ဘာအဆင့်များသည် တာယာများနှင့် အခြားထုတ်ကုန်ထုတ်လုပ်သူများမှ လိုအပ်ချက်ကောင်းများရှိနေပြီး ၎င်းတို့၏အရည်အသွေးနှင့် စျေးကွက်မှလက်ခံနိုင်မှုကို ညွှန်ပြလျက်ရှိကြောင်း ရော်ဘာဘုတ်အဖွဲ့ အမှုဆောင်ဒါရိုက်တာ M Vasanthagesan က ပြောကြားခဲ့သည်။

ရော်ဘာစိုက်ပျိုးသူများအား ရာဘာစေးရောင်းချခြင်းထက် မှိုင်းခံရော်ဘာပြားများထုတ်လုပ်ရာ၌ ပိုမိုအာရုံစူးစိုက်ရန် ၎င်းက တိုက်တွန်းခဲ့သည်။ သဘာဝရော်ဘာသုံးစွဲမှုတွင် မှိုင်းခံရာဘာပြား(Ribbed Smoked Sheets)(RSS အရည်အသွေးအဆင့်ဆင့်)အား သုံးစွဲမှု နှစ်စဉ်မြင့်တက်လာလျက်ရှိပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၃၇ ရာခိုင်နှုန်းအသီးသီးတိုးမြင့်လာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရော်ဘာစိုက်ပျိုးသူများအနေဖြင့် မှိုင်းခံရော်ဘာများထုတ်လုပ်လာကြခြင်းကြောင့် စျေးကွက်ဝေစု၏ ၉၀ မှ ၉၅ ရာခိုင်နှုန်းကို ရယူထားကြောင်း၊ ၎င်းတို့အနေဖြင့် လက်ရှိဈေးကွက်အခြေအနေအရ မှိုင်းခံရော်ဘာများပြုပြင်ထုတ်လုပ်ခြင်းအားဖြင့် အမြတ်အစွန်းပိုမိုရရှိနိုင်သည်ဟု ၎င်းက ဆိုသည်။ ပြည်တွင်းသဘာဝရော်ဘာသုံးစွဲမှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၄၁၆၀၀၀ ရှိခဲ့ကာ ၂၀၂၂-၂၃ တွင် တန်ချိန် ၁၃၅၀၀၀၀ ရှိခဲ့သည့်အတွက် ၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလမှ မေလအထိ စုစုပေါင်းသဘာဝရော်ဘာထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၈၁၀၀၀ ရှိပြီး ၂၀၂၃ ခုနှစ် ကာလတူတွင် ထုတ်လုပ်မှုတန်ချိန် ၈၂၀၀၀ ရှိခဲ့သည်။ ယခုနှစ် မေလဆန်းပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ထုတ်လုပ်မှုတစ်ချို့အား ထိခိုက်ခဲ့ကြောင်း သိရသည်။ သို့သော် လာမည့်ရက်များအတွင်း ရာဘာ၏ရောင်းလိုအားအခြေ အနေ ပိုမိုကောင်းမွန်လာဖွယ်ရှိသည်ဟု ဘုတ်အဖွဲ့မှ မျှော်လင့်ထားကြောင်း သိရသည်။

နှစ်အလိုက် ပြည်ပမှ သဘာဝရော်ဘာတင်သွင်းမှုအနေဖြင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ၅၄၆၃၆၉ တန်၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ၅၂၈၆၇၇ တန်နှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၉၂၆၈၂ အသီးသီးတင်သွင်းခဲ့ကြောင်း သိရသည်။ ရော်ဘာစိုက်ပျိုးသူများအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ရေးကို အာရုံစူးစိုက်ခြင်းအားဖြင့် ရာဘာ ထုတ်လုပ်မှု၌ မိမိကိုယ်ကို မှီခိုအားထားမှုရရှိရန် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု ဘုတ်အဖွဲ့မှ ပြောကြားခဲ့သည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် သဘာဝရော်ဘာထုတ်လုပ်မှုနှင့် သုံးစွဲမှုတိုးမြင့်လာလျက်ရှိပြီး၊ အထူးသဖြင့် မှိုင်းခံရော်ဘာ RSS အရည်အသွေးရာဘာများ၏ လိုအပ်ချက်များပြားလျက်ရှိပါသည်။

ရည်ညွှန်း။          The Hindu Businessline, Increase in tappable area signals higher availability, says Rubber Board, July 10, 2024    

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News