International News

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုကျဆင်းခဲ့

Last Updated:

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုစုစု ပေါင်းသည် တန်ချိန် (၇၈၅,၃၂၀)သာရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် တင်သွင်းခဲ့သည့်တန်ချိန်(၁၀.၉၆)သန်းနှင့်နှိုင်းယှဉ်ပါက တန်ချိန် (၁၀.၁၇)သန်းသိသိသာသာကျဆင်းခဲ့ကြောင်းနှင့် အဆိုပါပမာဏသည် လွန်ခဲ့သည့် (၅)နှစ်အတွင်း ကာလတူပျမ်းမျှတင်သွင်းမှုပမာဏဖြစ်သည့် တန်ချိန်(၁၁.၁)သန်းထက်လည်း သိသိသာသာလျော့နည်းသွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ကျဆင်းရခြင်းသည် ပြည်တွင်းပြောင်းထုတ်လုပ်မှုမြင့်တက်လာခြင်း၊ လက်ကျန်ပမာဏများပြားခြင်းနှင့် မကြာသေးမီနှစ်များအတွင်း တင်သွင်းမှုများပြားခဲ့ခြင်း စသည့်အကြောင်းရင်းအနည်းငယ်ရှိသကဲ့သို့ တစ်ချိန်တည်းမှာပင် စီးပွားရေးတိုးတက်မှုကျဆင်းခြင်းကြောင့်လည်းဖြစ်ကြောင်း၊ ယင်းတို့သည် နိုင်ငံတွင်းစားသုံးသူဝယ်လိုအားကျဆင်းစေပြီး စျေးနှုန်းများကျဆင်းစေကြောင်း သိရှိရပါသည်။

China’s Agriculture Outlook Committee(CAOC)သည် ၂၀၂၅/၂၆ စျေးကွက်နှစ်အတွက် တရုတ်နိုင်ငံ၏ပြောင်းထွက်ရှိမှုတန်ချိန်(၂၉၆.၁၆) သန်းရှိမည်ဟုခန့်မှန်းထားပြီး USDA ၏ခန့်မှန်းချက်မှာ တန်ချိန်(၂၉၅) သန်းဖြစ်ရာ ယခင်နှစ်က ကိန်းဂဏန်းနှင့်အနီးစပ်ဆုံးဖြစ်ပြီး (၅)နှစ်ပျမ်းမျှထက် (၃)ရာခိုင်နှုန်းပိုမြင့်ကြောင်း သိရှိရပါသည်။

စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းကြောင့် စားသုံးမှုကိုလည်း ကျဆင်းစေကြောင်း၊ လက်ရှိအချိန်တွင် တရုတ်အစိုးရသည် ပြည်တွင်းဈေးကွက်ကိုထိခိုက်စေပြီး လယ်သမားများ၏ဝင်ငွေကို ကျဆင်းစေနိုင်သည့် သွင်းကုန်များကို အားပေးခြင်းမရှိသေးကြောင်း လုပ်ငန်းတစ်ဦးက ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

တရုတ်ပြည်တွင်း၌ ပြောင်းပိုလျှံနေသည့်အတွက် အကောက်ခွန်ဌာနက ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ပြောင်း၊မုယောစပါးနှင့် နှံစား ပြောင်းအပါအဝင် ကောက်ပဲသီးနှံတင်သွင်းမှုကို ကန့်သတ်ရန် တောင်းဆိုထားသည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် ပြောင်းကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကတင်သွင်းသူများမှတစ်ဆင့် တင်သွင်းလျက်ရှိကြောင်း၊ နှစ်စဉ်ပြောင်းတင်သွင်းခွင့်ခွဲတမ်းသည် တန်ချိန်(၇.၂)သန်းရှိသည့်အနက် ပုဂ္ဂလိကတင်သွင်းသူများအတွက် (၄၀)ရာခိုင်နှုန်းခန့်ရှိကာ တချို့တဝက်ကို တင်သွင်းခွင့်ပြုထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဆိုလိုသည်မှာ ပုဂ္ဂလိကတင်သွင်းသူများအတွက် ခွဲတမ်း(၄၀)%၊ပမာဏ အားဖြင့် တန်ချိန် (၂.၈၈)သန်းခန့်ရှိသည့်အနက် တန်ချိန်(၇၈၅,၃၂)ကို တင်သွင်းထားပြီးဖြစ်ကာ အများစုကို ဘရာဇီးလ်၏ safrinha crop က တင်သွင်းခြင်းဖြစ်သော်လည်း  တန်ချိန်(၁)သန်းမကျော်နိုင်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

နိုင်ငံပိုင်လုပ်ငန်းများ၏ ပြောင်းတင်သွင်းခွင့်ခွဲတမ်းအပိုင်းကို မထုတ်ပြန်သေးသည့်အနေအထားဖြစ်ပြီး အမေရိကန်နှင့် သဘောတူညီချက်တစ်ခုကိုညှိနှိုင်းပါက ထိုပမာဏကို နောက်ပိုင်းတွင်အသုံးပြုရန် ဆက်လက်ထားရှိနိုင်သည်ဟု ဈေးကွက်သတင်းအချို့က ခန့်မှန်းထားကြောင်း သိရှိရပါသည်။

CAOC သည် ၂၀၂၅ ခုနှစ်တွင် တရုတ်၏ပြောင်းတင်သွင်းမှုတန်ချိန် (၇)သန်းရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းသည် နှစ်စဉ်ပုံမှန်ပြောင်းတင်သွင်းခွင့်ခွဲတမ်းဖြစ်သည့် တန်ချိန်(၇.၂)သန်းအောက် အနည်းငယ်လျော့ နည်းကြောင်း၊ သို့သော် USDA သည် တန်ချိန်(၁၀)သန်းခန့်တင်သွင်းမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

တရုတ်ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးနှုန်းများမှာ တစ်တန်လျှင် ယွမ်(၂၃၀၀)(အမေရိကန်ဒေါ်လာ ၃၂၀)ဝန်းကျင်ရှိကြောင်း၊ ထိုဈေးနှုန်းသည် နိမ့်သည်ဟုယူဆနိုင်သော်လည်း တင်သွင်းသူများအတွက် အမြတ်ရနိုင်သည့် အလားအလာရှိသည်ကို ပြသလျက်ရှိကြောင်း၊ အမေရိကန်မှ ပြောင်းကို တရုတ်ပြည်အရောက်(CIF China)စျေးနှုန်းသည် ဇူလိုင်လ (၁၈)ရက်နေ့တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၂၄၁.၇၅)ရှိကြောင်း Fastmarkets က ခန့်မှန်းထားပြီး ယင်းဈေးနှုန်းသည် ထိုနေ့တွင်ပင် ဘရာဇီးလ်မှ ပြောင်း(FOB Brazil)တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၂၀၈)ကို ကုန်စည်ပို့ဆောင်ခအပါ ထည့်တွက်ပြီးသည့်စျေးထက်ပို၍ သက်သာမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုပမာဏသည် ယခင်နှစ်ထက် (၉၃)% နီးပါးကျဆင်းသွားပြီး အမေရိကန်နှင့် နိုင်ငံရေးဆက်လက်တင်းမာမှုများနှင့်အတူ အဓိကတင်သွင်းသူများလည်း ပြောင်းလဲလာကြောင်း သိရှိရပါသည်။

ဘရာဇီးလ်သည် တရုတ်နိုင်ငံသို့ ပြောင်းအဓိကတင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊ ဇွန်လတွင် တင်သွင်းမှုမရှိသော် လည်း ယခုနှစ်အတွက် စုစုပေါင်းပြောင်းတန်ချိန်(၂၄၈, ၉၀၀) တင်သွင်းထားပြီး ယခင်နှစ်အလားတူကာလတွင်တန်ချိန်(၅.၇၆)သန်းရှိခဲ့ကြောင်း သိရှိရပါသည်။

ယခင်က တရုတ်နိုင်ငံသို့ ထိပ်တန်းပြောင်းရောင်းချသည့် ယူကရိန်းနိုင်ငံသည် ဇွန်လတွင် တန်ချိန်(၆၅,၇၃၀)သာတင်ပို့ခဲ့ကြောင်း၊ မေလတွင် တန်ချိန်(၁၀၆,၅၀၆)ရှိခဲ့ရာ (၃၈.၃)%ကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ(၁)ရက်နေ့အထိ ယူကရိန်းနိုင်ငံမှ တရုတ်သို့ တင်သွင်းသည့် ပြောင်းစုစုပေါင်းပမာဏမှာ တန်ချိန်(၂၃၁,၀၉၀)ရှိကြောင်းနှင့် လက်ရှိအချိန်တွင် ပုဂ္ဂလိကကုမ္ပဏီများသာ ယူကရိန်းမှ ဝယ်ယူနိုင် သည်ဟု ကုန်သွယ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းမှာပင် ပုံမှန်မဟုတ်သော သွင်းကုန်ပမာဏကျဆင်းမှုနှင့်အတူ ရုရှားသည် တရုတ်၏အဓိကပြောင်းတင်သွင်းသူ (၃)ဦးထဲတွင် ပါဝင်လျက်ရှိကြောင်း၊ ဇွန်လတွင် ရုရှားမှ ပြောင်းတန်ချိန် (၈၁,၉၁၄) တင်သွင်းခဲ့ပြီး ယခုနှစ်စမှ လက်ရှိအချိန်အထိ စုစုပေါင်းတန်ချိန် (၂၀၁,၄၂၀)တင်သွင်းခဲ့ကြောင်း၊ ယင်းပမာဏသည် ယခင်နှစ်အလားတူကာလတွင် တင်သွင်းခဲ့သည့် စုစုပေါင်းပြောင်းတန်ချိန် (၈၁,၄၉၆)ထက် (၂)ဆကျော်ပိုများခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံမှ ပြောင်းတင်ပို့မှုကို ယေဘုယျအားဖြင့် ဖေဖော်ဝါရီလ(၁၅) ရက်နောက်ပိုင်းတွင် ခွင့်မပြုဘဲ ခွဲတမ်းထုတ်ပြန်ထားခြင်းလည်းမရှိကြောင်း၊ သို့သော် ရုရှားနိုင်ငံ၏ ဝေးလံသည့် အရှေ့ဖျားဒေသများအတွက် ခြွင်းချက်တစ်ခုရှိကြောင်း၊ ရုရှားနိုင်ငံမှ ပြောင်းဖူးများကို ရုရှားအရှေ့ဖျားဂိတ်များမှ ရထားများ၊ သင်္ဘောငယ်များ (သို့မဟုတ်) ကွန်တိန်နာများဖြင့်သာ တင်ပို့လျက်ရှိကြောင်း၊ ထို့ကြောင့် ထပ်တိုးလာနိုင်ခြေက အကန့်အသတ်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အမေရိကန်မှ ပြောင်းတင်သွင်းမှုမရှိသလောက်နီးပါးဖြစ်ကာ မေလတွင် (၁၁,၆၆၅)တန်နှင့်နှိုင်းယှဉ်ပါက ဇွန်လတွင် (၁၆၄) တန်သာတင်သွင်းခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ အမေရိကန်မှ ပြောင်းတင်သွင်းမှုစုစုပေါင်းပမာဏသည် တန်ချိန်(၂၀,၀၇၀) သာရှိခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ် အလားတူကာလတွင် အမေရိကန် သည် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် (၁.၃၈)သန်းရောင်းချခဲ့ကြောင်း သိရှိရပါသည်။

Source: https://ukragroconsult.com/en/news/chinese-corn-imports-set-new-low-for-first-half-of-year/

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News