International News

ဆန်၏အရသာနှင့် ပင်ရင်းကို အခြေခံ၍ 'Exquisite Rice' အမှတ်တံဆိပ်ကို ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆန်၏ အရသာနှင့် ပင်ရင်းကို အခြေခံသည့် "Exquisite Rice" အမှတ်တံဆိပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ကနဦးအနေဖြင့် တန်ချိန် ၄၅၀ ကို ဈေးနှုန်းအမြင့်ဖြင့် ရောင်းချခဲ့ရာ တန်ဖိုးအားဖြင့် ဘတ် ၁၆ သန်းရှိခဲ့ကြောင်း The Nation သတင်းဝက်ဘ်ဆိုဒ်တွင်"Thailand’s “Exquisite Rice” Strategy Yields 16 Million Baht Export Deal” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဝန်ကြီးဌာနသည် ဆန်အစုလိုက်တင်ပို့မှုမှသည် တန်ဖိုးမြင့်သီးသန့်ဈေးကွက်များကို အာရုံစိုက်ခြင်းဖြင့် နိုင်ငံတော်၏ ဆန်လုပ်ငန်းကို မြှင့်တင်ရန် အဓိကတွန်းအားပေးမှုတစ်ရပ်ကို စတင်ခဲ့ပါကြောင်း၊ ယင်းနည်းဗျူဟာကို ဝန်ကြီး Supajee Suthumpan ဦးဆောင်ပြီး ဆန်အမှတ်တံဆိပ်ဖြစ်သည့် “Exquisite Rice”(Khao Praneat) ၏သဘော တရားသည် အရသာအသေးစိတ်အချက်လက်များ၊ ပထဝီဝင်ဇစ်မြစ်၊ ထူးခြားသော အထောက်အထားနှင့် ထုတ်လုပ်သူဇာတ်လမ်းများကို အခြေခံထားသော အထူးထုတ်ကော်ဖီ သို့မဟုတ် ဝိုင်များ၏စျေးကွက်ချဲ့ထွင်ခြင်းနှင့် ဆင်တူပါကြောင်း၊ အသေးစားလယ်သမားများအား သမားရိုးကျဆန်များထက် ငါးဆမှ ဆယ်ဆအထိ စျေးနှုန်းပိုမိုရရှိစေရန် ရည်ရွယ်ပြီး ထုတ်ကုန်ကို ယေဘုယျဆန်သော အစားထိုးမှုအစား ပရီမီယံအဖြစ် သတ်မှတ်ပေးခြင်းဖြစ်ကြောင်း နွန်သဘူရီတွင် ကျင်းပသော Thailand Rice Fest 2025 တွင် ဝန်ကြီးက ပြောကြားခဲ့ပါသည်။

ချဉ်းကပ်မှုအသစ်သည် မြင်သာထင်သာရှိသည့် အောင်မြင်မှုကို ပြသခဲ့ကြောင်း၊ ပြပွဲတွင် ဘတ် ၁၆ သန်းတန်ဖိုးရှိ အထူးဆန်တန်ချိန် ၄၅၀ ကို ရောင်းချနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းသဘောတူညီချက်သည် ထိုင်းနိုင်ငံ၏ ပရီမီယံလယ်ယာထွက်ကုန်များအတွက် နိုင်ငံတကာကစားသုံးမှုကို ခိုင်မာသောအထောက်အထားအဖြစ် ရှုမြင်ပါကြောင်း၊ ကမ္ဘာ့ဆန်ဈေးကွက်က ပြောင်းလဲသွားပြီဖြစ်ရာ စားသုံးသူများသည် အလေ့အထဖြင့် ဆန်ကိုရွေးချယ်ခြင်းမပြုတော့ဘဲ အရသာ၊ ပင်ရင်း၊ ထုတ်လုပ်သူ၏ ဇာတ်လမ်းနှင့် ပြည့်စုံသော စားသုံးမှုအချက်အလက်တို့ကို ဦးစားပေးကြကြောင်း၊ အရသာမှတ်စုများ၊ စံပြအချက်အပြုတ်တွဲစပ်မှုနှင့်ထုတ်လုပ်မှု ဧရိယာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်လျှင် ကမ္ဘာအနှံ့ရှိဝယ်လက်များ သည် စစ်မှန်သော မွေးရာပါတန်ဖိုးကို မြင်တွေ့ရမည်ဖြစ်ရာ  ပိုမိုမြင့်မားသောစျေးနှုန်းကို ပေးဆောင်ရန် ဆန္ဒရှိမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ထိုင်းဆန်၏ အရည်အသွေးကို တိကျစွာထင်ဟပ်စေရန် စျေးကွက်စနစ်သစ်ကို တက်ကြွစွာဖန်တီးနေပါကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ ဆန်စိုက်ပျိုးထုတ်လုပ်သူ ၇၀၀ မှ ၈၀၀ ကျော်၏ အချက် အလက်များကို စုစည်းလျက်ရှိပြီး ပထမ ၂၀၀ အုပ်စုသည် အရည် အသွေးမြှင့်တင်ရေးလုပ်ငန်းစဉ်ကို ဝင်ရောက်နေပြီဖြစ်ကြောင်း၊ အချက် အလက်များသည် ပွင့်လင်းမြင်သာမှုရှိလာသည့်အခါတွင် ထုတ်လုပ်သူများသည် ၎င်းတို့၏ဈေးနှုန်းများကို ပျမ်းမျှပုံစံတွက်ချက်ရမည်မဟုတ်တော့ဘဲ ဆန်စပါးအမျိုးအစားတစ်ခုချင်းစီသည် ၎င်း၏ စစ်မှန်သော အရည်အသွေးပေါ်အခြေခံ၍ ကုန်သွယ်မှုပြုသွားမည်ဖြစ်ရာ စဉ်ဆက်မပြတ်သောဝင်ငွေရရှိရန် ဦးတည်သွားမည်ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenet က ပြောကြားခဲ့သည်။

အချက်အလက်သည် "New Rice Economy" ၏ ဗဟိုချက်ဖြစ်ပါကြောင်း၊  ၎င်းသည် ဝယ်ယူသူများအား ထုတ်ကုန်ကို စစ်မှန်စွာအတည် ပြုနိုင်စေပါကြောင်း၊ ဆန်သည် ကောင်းမွန်သော်လည်း ထောက်ပံ့မှုအချက်အလက်များမရှိပါက ဖြစ်သင့်သည့်ဈေးဖြင့် ရောင်းချနိုင်မည်မဟုတ်ကြောင်း၊ ယနေ့ခေတ်တွင် စားဖိုမှူးများ၊ ဟိုတယ်များ၊ အစား အသောက်လုပ်ငန်းရှင်များ သို့မဟုတ် နိုင်ငံတကာဝယ်သူများသည် ခံစားချက် သို့မဟုတ် ယေဘုယျအားဖြင့် ဆန်ကို ရွေးချယ်မည်မဟုတ်ဘဲ စစ်မှန်သော အချက်အလက်များမှ ဆန်ကို ရွေးချယ်နိုင်ပါကြောင်း လက်ရှိဆန်ကဏ္ဍအတွက် အကူးအပြောင်းတွင် အတည်ပြုနိုင်သော အချက် အလက်များ၏ အရေးကြီးသော အခန်းကဏ္ဍကို Thai Digital Education Association (TDeD) ၏ဥက္ကဋ္ဌ Atthapon Chaianun က အလေးပေးပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် သန်း ၂၀ ကျော်ထုတ်လုပ်နေသော် လည်း ဆန်အထွက်နှုန်းမှာ ဗီယက်နမ်ကဲ့သို့ ပြိုင်ဘက်များထက် နည်းပါးနေသေးကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန်မှာ ဝန်ကြီးဌာနသည် အထူးပြုဈေးကွက်များသို့ ပစ်မှတ်ထားရန် ထိုင်းနိုင်ငံ၏ ထူးခြား သောမျိုးရိုးဗီဇ အစွမ်းသတ္တိကို မြှင့်တင်အသုံးပြုနေပါကြောင်း၊ ကနဦးအဆင့်တွင် အရည်အသွေးစံနှုန်းအသစ်များ ချမှတ်နိုင်ရန် စံပြတောင်သူအဖွဲ့ ၂၀၀ ဖွဲ့ကို မြှင့်တင်ပေးခြင်းပါဝင်မည်ဖြစ်ပြီး စီမံကိန်းအရ ကြိတ်ခွဲခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းကဲ့သို့သော အထောက်အပံ့များအပါအဝင် ကုန်ပစ္စည်းကို ယှဉ်ပြိုင်မှုမြင့်မားကြောင်း သေချာစေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ဆန်မျိုးကွဲများများစွာရှိသော်လည်း ကုန်သွယ်မှုစနစ်တွင် မျိုးကွဲအနည်းငယ်သာ အသုံးပြုပါကြောင်း၊ ဝိုင်နှင့် အထူးကော်ဖီကဏ္ဍများကိုကိုးကား၍ အရသာအတွက် ဘုံဘာသာစကားကို ဖန်တီးနေပါကြောင်း၊ Khao Leum Pua သို့မဟုတ် Khao Rai Dok ကဲ့သို့သောပရီမီယံဈေးကွက်တွင် တောင်းဆိုနေသော မျိုးကွဲမျိုးကွဲများ၏စရိုက်လက္ခဏာကို ထင်ရှားစေပါကြောင်း Rice Hub ၏ တည်ထောင်သူ Nop Dharmavanich က ပြောကြားခဲ့ပါသည်။

Thailand Rice Fest 2025 ကို IMPACT Exhibition Centre တွင် ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိကျင်းပမည်ဖြစ်ပြီး "New Rice Economy" အတွက် launchpad အဖြစ် ဆောင်ရွက်နေကြောင်း၊ ပြပွဲတွင် ထုတ်လုပ်သူများနှင့် ဝယ်ယူသူများ တိုက်ရိုက်တွေ့ဆုံနိုင်ရန် နေရာတစ်ခုဖြစ်ပြီး လုပ်ငန်းရှင်များက ဆန်စပါးကို ပင်ရင်းမှတိုက်ရိုက်ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း၊  ပြပွဲတွင် Exquisite Rice အမျိုး ပေါင်း ၄၀ ကျော်ကိုပြသထားပြီး GI(Geographical Indication) ထုတ်ကုန်ပြပွဲလည်း ပါဝင်ပါကြောင်း ပွဲစီစဉ်သူ Cloud & Ground ၏ မန်နေးဂျင်းဒါရိုက်တာ Changnoi Kunjara Na Ayutthaya က ဖြည့်စွက် ပြောကြားခဲ့သည်။

Source: https://www.nationthailand.com/business/trade/40059444

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News