အာဖရိကမှ ကုန်ပစ္စည်းများအတွက် တရုတ်နိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်မူဝါဒသည် ယူဂန်ဒါနိုင်ငံ၏ကော်ဖီတင်ပို့မှုကို သိသိသာသာမြင့်တက်လာစေပြီး အိမ်ထောင်စုဝင်ငွေတိုးလာမည်ဟု မျှော်လင့်ကြောင်း ယူဂန်ဒါကော်ဖီလုပ်ငန်းရှင်တစ်ဦးက ဆင်ဟွာသတင်းသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့မှစတင်၍ တရုတ်နိုင်ငံသည် အာဖရိကရှိ နိုင်ငံပေါင်း(၃၃)နိုင်ငံအပါအဝင် ၎င်းနှင့်သံတမန်ဆက်ဆံရေးရှိသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအားလုံးမှ ထုတ်ကုန်အားလုံး(၁၀၀ ရာခိုင် နှုန်း)ကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် တရုတ်နိုင်ငံနှင့်သံတမန်ဆက်ဆံရေးရှိသည့် အာဖရိကနိုင်ငံ (၅၃)နိုင်ငံစလုံးအတွက် အကောက်ခွန်လိုင်းအားလုံးကို အကောက်ခွန်ကင်းလွတ်ခွင့်အား ထပ်မံတိုးချဲ့ပေးခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏မူဝါဒသည် အာဖရိကထုတ်ကုန်များအပေါ် စည်းကြပ်ခွန်များဆက်လက်ကောက်ခံနေသည့် စျေးကွက်များနှင့်နှိုင်းယှဉ်ပါက ပိုမိုအဆင်ပြေသော စီးပွားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးသည်ဟု ယူဂန်ဒါနိုင်ငံအနောက်ဘက်ပိုင်း Ntungamo ခရိုင်ရှိ ကော်ဖီခြံကို ပိုင်ဆိုင်သည့် Inspire Africa Group ၏အမှုဆောင်အရာရှိချုပ် Nelson Tugume က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်၏ကော်ဖီဝယ်လိုအား မြင့်တက်လာမှုနှင့် ကော်ဖီအဓိကထုတ်လုပ်သည့် နိုင်ငံများတွင် မသေချာမရေရာမှုများကြောင့် တရုတ်နိုင်ငံ၏အကောက်ခွန်ကင်းလွတ်ခွင့်မူဝါဒသည် ယူဂန်ဒါလယ်သမား များအတွက် အခွင့်အလမ်းကို အချိန်နှင့်တစ်ပြေးညီ ဖန်တီးပေးခြင်းဖြစ် သည်ဟု ၎င်းက ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏ စံနှုန်းများနှင့်ကိုက်ညီပြီး ရေရှည်ရောင်းချနိုင်ရန်အတွက် ယူဂန်ဒါနိုင်ငံသည် သေချာပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ Inspire Africa Group မှ ဝန်ထမ်း (၄၀)ကျော်သည် နည်းပညာဆိုင်ရာသင်တန်း များတက်ရောက်ပြီးနောက် တရုတ်နိုင်ငံမှ မကြာသေးမီက ပြန်လာခဲ့ကြောင်း၊ ကော်ဖီထုတ်လုပ်သည့်စက်များတွင်အသုံးပြုသည့် နည်းပညာ များကို ကျွမ်းကျင်ရန် နောက်ထပ်ဝန်ထမ်း(၄၀)ဦးကို တရုတ်နိုင်ငံသို့ ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း Tugume က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ယူဂန်ဒါပြည်သူများကို အသိပညာများ ဖြန့်ဝေပေးရမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံရှိ စက်ရုံများ၌ နည်းပညာများလေ့လာခွင့်ပြုသည့် မိတ်ဖက်များလည်းရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
ယူဂန်ဒါ၏ စိုက်ပျိုးရေး၊ တိရစ္ဆာန်စက်မှုလုပ်ငန်းနှင့် ရေလုပ်ငန်းဝန်ကြီး ဌာန၏အချက်အလက်များအရ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုသည် ၂၀၂၅ ခုနှစ်၊ မတ်လတစ်လတည်းတွင် (၁၉၀)ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တရုတ်နိုင်ငံသည် အာရှတွင် ယူဂန်ဒါ၏ဒုတိယအကြီးဆုံးကော်ဖီဈေးကွက်ဖြစ်လာကြောင်း သိရှိရပါသည်။
နိုဝင်ဘာလအစောပိုင်းတွင် ယူဂန်ဒါပို့ကုန်လုပ်ငန်းရှင်များသည် China International Import Expo တွင် အမေရိကန်ဒေါ်လာ(၃)သန်းတန်ဖိုးရှိ သဘောတူညီချက်များရရှိခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
ပြပွဲကာလအတွင်း ယူဂန်ဒါနိုင်ငံသည် တရုတ်ပုဂ္ဂလိကကော်ဖီဆိုင်လုပ်ငန်းတစ်ခုဖြစ်သည့် Cotti Coffee နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံပေါင်း(၂၈)နိုင်ငံတွင် ဆိုင်ခွဲပေါင်း(၇၅၀၀)ကျော်ကို လည်ပတ်လျက်ရှိသည့် Cotti Coffee နှင့်တိုက်ရိုက်ချိတ်ဆက်ပေးမည်ဖြစ်ပြီး ယူဂန်ဒါရှိ ကော်ဖီစိုက်တောင်သူများနှင့် ပြုပြင်ထုတ်လုပ်သူများကို ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကော်ဖီသည် ယူဂန်ဒါ၏ စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် အဓိကကုန်ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး ကော်ဖီသီးနှံအပေါ်မှီခိုနေသည့် အိမ်ထောင်စု(၁.၈)သန်းခန့်ရှိသည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
Source: https://en.people.cn/n3/2025/1203/c90000-20397681.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)