International News

တရုတ်-ဗီယက်နမ် လေကြောင်းလိုင်းသစ်က အာဆီယံနိုင်ငံများနှင့်ဆက်ဆံရေးကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

Colorful Guizhou လေကြောင်းလိုင်းသည် တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၏မြို့တော် ကွေ့ရန်းနှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တို့ကို တိုက်ရိုက်ပြေးဆွဲသည့်လမ်းကြောင်း လိုင်းတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဒေသတွင်းခရီးသွားလာမှုနှင့် ကုန်သွယ်မှုအလျင် အမြန်ကြီးမားလာသည့် အာဆီယံဈေးကွက်အတွက် တရုတ်နိုင်ငံ၏ လေကြောင်းချိတ်ဆက်မှုများကိုလည်း ပိုမိုတိုးချဲ့လျက်ရှိကြောင်း၊ လမ်းကြောင်းအချိန်ဇယားအရ ထွက်ခွာမည့် လေယာဉ်ခရီးစဉ် GY703 သည် ကွေ့ရန်းမှ ပေကျင်းစံတော်ချိန် ည ၁၀:၅၀ နာရီတွင် ထွက်ခွာပြီး ဟိုချီမင်းမြို့သို့ ဒေသစံတော်ချိန် နံနက် ၁:၃၀ နာရီတွင် ဆင်းသက်မည်ဖြစ်ကြောင်း၊ အပြန်လေယာဉ်ခရီးစဉ် GY704 သည် ဒေသစံတော်ချိန် နံနက် ၂:၃၀ နာရီတွင် ထွက်ခွာပြီး ကွေ့ရန်းမြို့သို့ ပေကျင်းစံတော်ချိန် နံနက် ၇:၁၀ နာရီတွင်ရောက်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းအသစ်ကို လေကြောင်းလိုင်း၏ လက်ရှိကွေ့ရန်း-ဟနွိုင်းဝန်ဆောင်မှုနှင့်အတူ ပြေးဆွဲမည်ဖြစ်သဖြင့် တရုတ်နိုင်ငံ၏ တောင်တန်းထူထပ်သော ပြည်နယ်နှင့် ဗီယက်နမ်၏ အကြီးဆုံးမြို့နှစ် မြို့ကြား တိုက်ရိုက်ချိတ်ဆက်မှုများရရှိရန် ပိုမိုသေချာစေခဲ့ကြောင်း၊ အဆိုပါတိုးချဲ့ထားသော လေကြောင်းကွန်ရက်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့်အာဆီယံအကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့်သက်ဆိုင်သည့် ခရီးစဉ်များကို ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း အရာရှိများက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်-အာဆီယံနိုင်ငံများအကြား လေကြောင်းချိတ်ဆက်မှုသည် မကြာမီလများအတွင်းမှစတင်၍ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟိုင်ခုံမြို့နှင့် ဗီယက်နမ်နိုင်ငံ၊ နာထရန်မြို့တို့ကို ဆက်သွယ်ပေးသော ခရီးသည်တင်လေကြောင်းလိုင်းတစ်ခုကို နိုဝင်ဘာလတွင်ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ နန်ကျင်းမြို့နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တို့ကို ဆက်သွယ်ပေးသော ကုန်တင်ဝန်ဆောင်မှုကိုလည်း ယခင်လမှစတင် လည်ပတ်ခဲ့ကြောင်း၊ တရုတ်နှင့် အာဆီယံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုများ ခိုင်မာနေဆဲဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်မှစ၍ နှစ်စဉ်ကုန်စည်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံကျော် ကျော်လွန်ခဲ့ကာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၈၂.၁ ဘီလီယံအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ အဆိုပါတိုးတက်မှုလမ်းကြောင်းသည် ၂၀၂၅ ခုနှစ်တွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး ပထမ ၁၀ လအတွင်း ကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၈.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://en.people.cn/n3/2025/1208/c90000-20399525.html

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)     

Category: International News