International News

ကုန်စည်တင်လျှပ်စစ်သုံးယာဉ်ကြီးများအတွက် ရည်ရွယ်သည့် ဘက်ထရီလဲလှယ်ခြင်း၊ ရွေ့လျား အားသွင်းခြင်းများအတွက် စမ်းသပ်မှုများစတင်ဆောင်ရွက်မည့် စင်ကာပူနိုင်ငံ

Last Updated:

စင်ကာပူနိုင်ငံသည် ကုန်စည်တင်လျှပ်စစ်သုံးယာဉ်ကြီးများအတွက် ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဘက်ထရီအားသွင်းခြင်း၊ ဘက်ထရီလဲလှယ်ခြင်းနှင့် ရွေ့လျားအားသွင်းခြင်းစနစ်များအတွက် စမ်းသပ်ဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(Land Transport Authority–LTA) က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

စမ်းသပ်မှုဆောင်ရွက်မှု ၄ ခုကို ၄ နှစ်တာဆောင်ရွက်မည်ဖြစ်ပါသည်။ PSA Corporation က ဘက်ထရီအားသွင်းခြင်းနှင့် ဘက်ထရီလဲလှယ်စင်တာတစ်ခုကို Pasir Panjang ဆိပ်ကမ်းတွင် ဆောင်ရွက်မည်ဖြစ်ပြီး လျှပ်စစ် prime mover ၆ ခုနှင့် ဆိပ်ကမ်းနှစ်ခုအကြား ကုန်းလမ်းဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၂ ခုတို့ကို ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ Strides Frontiers Pte Ltd နှင့် Ecoswift Pte Ltd တို့ပူးပေါင်းထားသည့် ဖက်စပ်လုပ်ငန်းက ဘက်ထရီအားသွင်းခြင်းနှင့် ဘက်ထရီလဲလှယ်စင်တာ ၁ ခုကို Tuas တွင် ဆောင်ရွက်မည်ဖြစ်ပါသည်။ ယင်းလုပ်ငန်းက ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့်ပူးပေါင်း၍ ကုန်စည်တင်လျှပ်စစ်သုံးယာဉ်ကြီးများအတွက် ဘက်ထရီလဲလှယ်သည့်ဝန်ဆောင်မှုကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ် ၁၀ စီးအထိ ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ပါသည်။

Power-Up Tech Pte Ltd က အားသွင်းစက် ၁ ခုစီပါဝင်သည့် ရွေ့လျားအားသွင်းစက်ကိရိယာ ၁၀ စုံဖြင့် ဗန်ကားများ၊ ကုန်တင်ယာဉ်များ၊ ဘတ်စ်ကားများအပါအဝင် လျှပ်စစ်ယာဉ်များကို အားသွင်းသည့်ဝန်ဆောင်မှုဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Beecharge Innovation Group Pte Ltd က ရွှေ့လျားအားသွင်းကိရိယာအစုံ ၈ ခုဖြင့် လျှပ်စစ်ယာဉ်ထုတ်လုပ်သူများနှင့် စီးပွားဖြစ်ရေယာဉ်လုပ်ငန်းရှင်များကို ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။

Power-Up Tech Pte Ltd ၏ CEO ဖြစ်သူ Michael Chin က “ကုန်စည်တင်လျှပ်စစ်သုံးယာဉ်ကြီးများသည် အလွန်ကြီးမားပြီး အားသွင်းချိန်ကြာမြင့်သည့် ဘက်ထရီကြီးများလိုအပ်ကြောင်း၊ ၎င်းယာဉ်များအတွက် ရွေ့လျားအားသွင်းစနစ်သည် ကုမ္ပဏီများအတွက် အချိန်ကုန်သက်သာစေမည်ဖြစ်ပြီး အားသွင်းသည့်နေရာများ လုံလောက်မှုမရှိခြင်း၊ အားသွင်းရန် အခြေခံအဆောက်အအုံမပြည့်စုံခြင်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ရေရှည်တည်တံ့မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့၏ ဝါရင့်ဒုတိယဝန်ကြီး Dr. Amy Khor က “အဆိုပါစမ်းသပ်ဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် နည်းပညာပိုင်းဆိုင်ရာ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာနှင့် ဘေးကင်းရေးလိုအပ်ချက်များကို သိရှိနားလည်စေမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် လျှပ်စစ်ယာဉ်အားသွင်းသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်လာစေရန် Technical Reference 25 ကို ပြန်လည်သုံးသပ်ရာတွင်လည်း ထည့်သွင်းစဉ်းစားနိုင်မည်ဖြစ်ကြောင်း” လူမှုကွန်ယက်စာမျက်နှာတွင် ပြောကြားခဲ့ပါသည်။ Technical Reference 25(TR25)သည် ၂၀၁၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သည့် စင်ကာပူနိုင်ငံ၏ အမျိုးသားအဆင့်လျှပ်စစ်ယာဉ်အားသွင်းသည့် စံသတ်မှတ်ချက်ဖြစ်ပါသည်။ အားသွင်းနည်းပညာအားလုံးသည် စီးပွားဖြစ် စတင်ဆောင်ရွက်ခြင်းမပြုမီ TR 25 တွင် အတည်ပြုရန် လိုအပ်မည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသည် လောင်စာမှ စွမ်းအင်အသုံးပြုမှုကို လျှော့ချရန်၊ လောင်စာဆီရှားပါးမှုကို ရင်ဆိုင်နိုင်ရန် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လျှပ်စစ်ကို အစားထိုးအသုံးပြုလာပြီး လျှပ်စစ်ယာဉ်အသုံးပြုမှုတွင်ကျယ်လာရေး၊ အသုံးပြုမှုပိုမိုအဆင်ပြေစေရေးတို့အတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

ရင်းမြစ်။        Ministry of Transport, Singapore

                   The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News