International News

ဗီယက်နမ်နိုင်ငံ၏ကော်ဖီတင်ပို့မှုမှာ ယခုနှစ်ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၄.၇၈ ဘီလီယံသို့ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ဇွန်လအတွင်း အမေရိကန်ဒေါ်လာ ၅၅၂.၆ သန်းတန်ဖိုးရှိ ကော်ဖီတန်ချိန် ၁၅၀,၀၀၀ ခန့်တင်ပို့ခဲ့ရာ ယခုနှစ် ပထမနှစ်ဝက်အတွင်း စုစုပေါင်းကော်ဖီတင်ပို့မှုမှာ တန်ချိန် ၁.၁ သန်းရှိလာခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၇၈ ဘီလီယံအထိရှိခဲ့ပါသည်။ ကော်ဖီတင်ပို့မှုပမာဏမှာ ယခင်နှစ် အလားတူကာလထက် ၉.၇ ရာခိုင်နှုန်းမြင့်တက်လာသော်လည်း တင်ပို့မှုတန်ဖိုးမှာမူ ၁၄.၄ ရာခိုင်နှုန်းကျဆင်းသွားခဲ့သဖြင့် ကော်ဖီလုပ်ငန်းကဏ္ဍတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပါသည်။

ဇန်နဝါရီလမှ ဇွန်လအတွင်း ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ ယခင်နှစ် အလားတူကာလထက် ၂၂ ရာခိုင်နှုန်းကျဆင်းသွားပြီး တစ်တန်လျှင် ၄,၄၃၅ ဒေါ်လာသို့ရောက်ရှိခဲ့ရာ ၂၀၂၄-၂၀၂၅ ခုနှစ် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုရာသီတွင် ကော်ဖီဈေးကောင်းရခဲ့သည့်ကာလသည် တဖြည်းဖြည်းကုန်ဆုံးလုနီးပါးဖြစ်နေပါသည်။

ဂျာမနီ၊ အီတလီနှင့် အမေရိကန်တို့သည် ဗီယက်နမ်ကော်ဖီကို အများဆုံးဝယ်ယူသည့် ထိပ်သီးသုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး စုစုပေါင်းတင်ပို့မှု၏ ၁၄.၁ ရာခိုင် နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၆.၉ ရာခိုင်နှုန်းစီအသီးသီးရှိကြပါသည်။ သို့ရာတွင် ပထမငါးလအတွင်း အဆိုပါဈေးကွက်များသို့ တင်ပို့မှုတန်ဖိုးမှာ ၂၁.၇ ရာခိုင်နှုန်း၊ ၉.၆ ရာခိုင်နှုန်းနှင့် ၂.၂ ရာခိုင်နှုန်းစီကျဆင်းသွားခဲ့ပါသည်။

တရုတ်နိုင်ငံမှာမူ သိသာထင်ရှားသည့်ခြွင်းချက်ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုတန်ဖိုးမှာ ၇၀.၇ ရာခိုင်နှုန်းအထိထိုးတက်သွားခဲ့ပါသည်။ ဗီယက်နမ်ကော်ဖီအများဆုံးတင်သွင်းသည့် ထိပ်သီး ၁၅ နိုင်ငံထဲတွင်တရုတ်နိုင်ငံပါဝင်ခဲ့ပြီး တင်ပို့မှုအတိုး တက်ဆုံးနိုင်ငံဖြစ်ပါသည်။ သို့ဖြစ်ရာ ပုံမှန်ဈေးကွက်ဟောင်းများတွင် အရောင်းကျဆင်းနေသော်လည်း ဈေးကွက်အသစ်များ၌ အလားအလာကောင်းများရှိနေသည်ကို ထင်ရှားစွာတွေ့မြင်နေရပါသည်။

ပြည်တွင်း၌ ကော်ဖီဈေးနှုန်းများသည် သီတင်းပတ်အနည်းငယ်ကြာ အတက်အကျလှုပ်ခတ်ခဲ့ပြီးနောက် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၉၀,၀၀၀ ကျော်သို့ ပြန်လည်မြင့်တက်လာသဖြင့် အချို့သောတောင်သူများထုတ်ရောင်းလာကြပါ သည်။ သို့ရာတွင် လက်ကျန်နည်းပါးနေသောကြောင့် အရောင်းအဝယ်ပြုလုပ်ရာတွင် သတိကြီးစွာထား၍ ထိန်းသိမ်းလုပ်ဆောင်နေကြပါသည်။

ဗီယက်နမ်ကော်ဖီနှင့်ကိုကိုးအသင်း၏ပြောကြားချက်အရ ဝယ်လိုအားထက် ရောင်းလိုအားက ပိုမိုများပြားလာသောကြောင့် ကမ္ဘာ့ကော်ဖီဈေးကွက်သည် စိန်ခေါ်မှုကြီးမားသောအဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ထုတ်လုပ်မှုတိုးတက်လာပြီးရောင်းလိုအားမြင့်တက်လာရခြင်းမှာ အဓိကအားဖြင့် ဘရာဇီးနိုင်ငံကြောင့်ဖြစ်ပြီး၊ ကမ္ဘာ့ကော်ဖီသောက်သုံးမှုမှာ မကြာသေးမီနှစ်များအတွင်း အနည်းငယ်သာ တိုးတက်လာခဲ့ပါသည်။

ထိုသို့ထုတ်လုပ်မှုပမာဏပိုမိုများပြားလာခြင်းကြောင့် ရှေ့လာမည့်လများတွင် ဈေးနှုန်းအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ပြီး အထူးသဖြင့် ဗီယက်နမ်၏အဓိကပို့ကုန်ဖြစ်သော‌ ရိုဘတ်စတာ(Robusta)ကော်ဖီအမျိုးအစားအပေါ် ဈေးနှုန်းကျဆင်းလာနိုင်မည်ဟု ခန့်မှန်းထားကြပါသည်။

မကြာသေးမီနှစ်များအတွင်း ကော်ဖီဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် တောင်သူများ၏ လူနေမှုဘဝကို သိသိသာသာတိုးတက်ကောင်းမွန်စေခဲ့ပါသည်။ တောင်သူများ၏ ကိုယ်ပိုင်ငွေကြေးအင်အားတောင့်တင်းလာခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်များတွင် ပူးပေါင်းပါဝင်ရန်၊ နောက်ကြောင်းလိုက်စစ်ဆေးသည့်စနစ်(traceability systems)များကျင့်သုံးရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းများကို လိုက်နာရန် တိုက်တွန်းနှိုးဆော်ရာတွင် ပိုမိုခက်ခဲလာစေပါသည်။

ဤကဲ့သို့သောအခြေအနေတွင် ဗီယက်နမ်ကော်ဖီလုပ်ငန်းစုအနေဖြင့် ထုတ်လုပ်မှုပမာဏတိုးချဲ့ခြင်းထက် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးထုတ်လုပ်မှုအသိ အမှတ်ပြုလက်မှတ်ပါရှိသည့် အရည်အသွေးမြင့် ကော်ဖီစေ့များပိုမိုတင်ပို့ခြင်း၊ လှော်ထားသော ကော်ဖီ၊ အသင့်ဖျော်ကော်ဖီနှင့် ကော်ဖီမစ်ထုတ်ကုန်များ တင်ပို့မှုကိုမြှင့်တင်ခြင်းဖြင့် ပိုမိုမြင့်မားသော တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် အလေးထားလုပ်ဆောင်လာကြပါသည်။

လက်ရှိတွင် ဗီယက်နမ်၏ကော်ဖီစိုက်ပျိုးမြေ ၃၀ ရာခိုင်နှုန်းခန့်သည် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုစံနှုန်းများအောက်တွင် အသိအမှတ်ပြုလက်မှတ်များရရှိထားပြီးဖြစ်သဖြင့် ပို့ကုန်ဈေးကွက်များ၏ ပိုမိုတင်းကျပ်လာသော သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ခိုင်မာသော အနေအထားတစ်ခုအဖြစ်သို့ရောက်ရှိလာစေပါသည်။

ထို့အပြင် ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်းအနေဖြင့် တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားနှင့် နော်ဒခ်နိုင်ငံများအပါအဝင် အလားအလာရှိသော ဈေးကွက်သစ်များတွင် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုအားကောင်းစွာလုပ်ဆောင်ရန်တိုက်တွန်းထားပြီး၊ ကော်ဖီထုတ်ကုန်များတင်ပို့မှုကို အထောက် အကူပြုနိုင်ရန် အာရှနှင့်ဥရောပရှိ အဓိကလက်လီအရောင်းဆိုင်ကြီးများနှင့် ချိတ်ဆက်မှုများကို တိုးချဲ့လုပ်ဆောင်လျက်ရှိပါသည်။

Source: en.qdnd.vn/economy/news/vietnam-s-coffee-export-value-hits-4-78-billion-usd-in-h1-592755

(သန္တာစိုးရီ၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News