ပြည်တွင်းအသားတိုးကြက်အရှင်ဖမ်းဈေးနှုန်းသည် ယခုဇူလိုင်လပထမပတ်မှစ၍ ဈေးနှုန်းဆက်တိုက် ပြန်လည်မြင့်တက်လာကြောင်း ကြက်မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။ လက်ရှိတွင် ကြက်မွေး မြူရေးခြံများ၌ ကြက်အသေးအရွယ်အစားများသာ များပြားနေပြီး ကြက်ကြီးရှားပါးနေသောကြောင့် ဈေးကွက်အတွင်းသို့ ကြက်ကြီးအဝင်နည်းကာ ဈေးနှုန်းဆက်တိုက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ "အစာဈေးတက်တာနဲ့ မွေးမြူရေးကုန်ကျစရိတ်တက်တာတွေကြောင့် ကြက်ဖမ်းဈေးက ကျပ် ၁၆,၀၀၀ ကနေ ၁၇,၀၀၀ ကြားရမှပဲ ခြံသမားတွေလည်း အဆင်ပြေကြမှာပါ။ ကြက်ဈေးတက်နေတာ တော့ဟုတ်တယ်။ အရင်ရက်ဈေးနဲ့ အခုဈေး ယှဉ်ရင်တော့ နည်းနည်းပြန်ကျတယ်" ဟု ကြက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ဇူလိုင် ၁၃ ရက်နေ့တွင် ဖြစ်ပေါ်သည့် ကြက်အရှင်ဖမ်းဈေးများမှာ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ တောင်ကြီး၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ မကွေး၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းမြို့များတွင် တစ်ပိဿာလျှင် ကျပ် ၁၇,၀၀၀ မှ ကျပ် ၁၇,၅၀၀ အတွင်း ဈေးပေါက်နေကြောင်း သိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့များတွင်မူ ကြက်အရှင် ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ကျပ် ၁၉,၀၀၀ အတွင်းရှိပြီး ဈေးတန်းအမြင့်ဆုံးဖြစ် ကြောင်း သိရသည်။ ကျန်ရှိသည့် မော်လမြိုင်၊ ဘားအံ၊ သထုံ၊ ကျိုက်ထိုမြို့များ၌မူ ကြက်အရှင် ခြံဖမ်း ဈေးမှာ အခြားဒေသများထက် ဈေးရရှိမှုနည်းပါးပြီး တစ်ပိဿာလျှင် ကျပ် ၁၆,၁၀၀ မှ ကျပ် ၁၆,၈၀၀ ဝန်းကျင်သာ ရှိကြောင်းသိရသည်။ "ခြံဖမ်းဈေးက ဒီနေ့ နည်းနည်းပြန်ကျတာတွေ့ရတယ်။ တောင်ကြီး ဆိုရင် ကျပ် ၁,၀၀၀ ကနေ ၁,၅၀၀ လောက်ကျတယ်။ ဈေးကျတယ်ဆိုပေမဲ့လည်း အခုဖြစ်နေတဲ့ ဈေးကတော့ အတက်ဈေးတန်းပါပဲ။ ကျောက်မဲဘက်တွေကတော့ အရင်ရက်ကဆိုရင် ကျပ် ၂၀,၀၀၀ ဈေးအထိ ရှိခဲ့တယ်" ဟု ကုန်သည်တစ်ဦးက ဆက်လက်ပြောကြားသည်။
ယခင်ဇွန်လကုန်ဝန်းကျင်တွင် ဒေသအလိုက် ဖြစ်ပေါ်ခဲ့သည့် ကြက်အရှင်ဖမ်းဈေးများမှာ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ တောင်ကြီး၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ မကွေး၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းမြို့ များတွင် တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ မှ ကျပ် ၁၅,၀၀၀ အတွင်းသာ ဈေးရရှိခဲ့ကြောင်းသိရသည်။ ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့များတွင် လည်း ကြက်အရှင်ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀ အထက်မှ ကျပ် ၁၅,၀၀၀ အတွင်းသာ ဈေးတန်းရှိခဲ့ကြောင်း သိရသည်။ ကျန်ရှိသည့် မော်လမြိုင်၊ ဘားအံ၊ သထုံ၊ ကျိုက်ထိုမြို့များ၌မူ ကြက် အရှင်ခြံဖမ်းဈေးမှာ အခြားဒေသများထက် ဈေးရရှိမှုနည်းပါးပြီး တစ်ပိဿာလျှင် ကျပ် ၁၃,၆၀၀ မှ ကျပ် ၁၃,၉၀၀ ဝန်းကျင်သာ ရှိခဲ့ကြောင်းသိရသည်။
ကြက်အရှင်ခြံဖမ်းဈေး မြင့်တက်လာမှုနှင့်အတူ အသားဈေးကွက်တွင်လည်း ကြက်သားဈေး မြင့်တက်လာပြီး အရိုးလွတ်အသားသီးသန့် ဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ အထက်သို့ ရောက်ရှိလာကြောင်း သိရသည်။ ယင်းအပြင် ကြက်ဖမ်းဈေး မြင့်တက်လာသလို မွေးမြူရေးအစာဈေးနှုန်း နှင့် ကြက်သားပေါက်ဈေးနှုန်းလည်း မြင့်တက်လာကြောင်းသိရသည်။
Source: "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။"