ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Supajee Suthamphan သည် ဇူလိုင် ၁၁ ရက်က Siam Paragon ကုန်တိုက်ရှိ Paragon Hall ၌ “The Multiverse of Creativity”ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သော Thailand Character & Content Expo 2026(TCEX 2026)ပြပွဲကြီးကို တရားဝင်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရပါသည်။ ယခုပြပွဲသည် ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနက ကြီးမှူး၍ ထိုင်းနိုင်ငံ၏ ဇာတ်ကောင်ဒီဇိုင်း(Character)နှင့် ဖန်တီးမှုဆိုင်ရာကွန်တင့်(Content)လုပ်ငန်းကဏ္ဍများကို ဘက်စုံချိတ်ဆက်ပေးနိုင်ရန် ပထမဆုံးအကြိမ်အဖြစ် စနစ်တကျဖန်တီးပေးခဲ့သည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။ ပြပွဲတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ၊ ဖန်တီးရှင်များနှင့် လုပ်ငန်းရှင်များစွာ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဝန်ကြီး၏ပြောကြားချက်အရ ဉာဏပစ္စည်းမူပိုင်ခွင့်(Intellectual Property) ဆိုသည်မှာ ရိုးရာအတိုင်း မှတ်ပုံတင်ခြင်း သို့မဟုတ် အခွင့်အရေးများကို ကာကွယ်ရုံသက်သက်မဟုတ်ဘဲ၊ စနစ်တကျဖွံ့ဖြိုးအောင်ပြုလုပ်နိုင်ပါက ကြီးမားသော စီးပွားရေးတန်ဖိုးများကို ဖန်တီးပေးနိုင်သည့် အမျိုးသားဘဏ္ဍာရေးပိုင်ဆိုင်မှုတစ်ရပ်ဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံ၏ တီထွင်ဖန်တီးမှုလုပ်ငန်းကဏ္ဍ (Creative Industries)တစ်ခုလုံး၏စီးပွားရေးတန်ဖိုးမှာ ဘတ် ၁.၄၄ ထရီလီယံအထိရှိနေပြီး အမျိုးသားဂျီဒီပီ(GDP)၏ ၈.၀၁ရာခိုင်နှုန်းအထိပံ့ပိုးပေးထားကြောင်း၊ အထူးသဖြင့် ထိုင်းဇာတ်ကောင်ဒီဇိုင်း(Character Industry)လုပ်ငန်းသည် ဘတ် ၇,၂၃၂ သန်းကျော်တန်ဖိုးရှိနေပြီး ၁၉၆ ရာခိုင်နှုန်းအထိစံချိန်တင်မြင့်မားစွာတိုးတက်နေသဖြင့် ထိုင်းဖန်တီးရှင်များ၏ ကိုယ်ပိုင်တီထွင်မှုစွမ်းရည်ကို ပြသနေ ကြောင်း၊ဖန်တီးရှင်များအနေဖြင့် မူပိုင်ခွင့်များကိုအသုံးချကာ လိုင်စင်ထုတ်ပေးခြင်း (Licensing)၊ အမှတ်တံဆိပ်ထုတ်ကုန်များပြုလုပ်ခြင်း(Merchandising)၊ အန်နီမေးရှင်း၊ ဂိမ်းနှင့် ဒစ်ဂျစ်တယ်ကွန်တင့်များဖန်တီးခြင်းတို့အပြင် ပြည်တွင်း/ပြည်ပအမှတ်တံဆိပ်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းသစ်များစွာဖန်တီးနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ မူပိုင်ခွင့်ပစ္စည်းပေါင်း ၁.၂၆ သန်းကျော်ကို အကာအကွယ်ပေးထားပြီး ပြီးခဲ့သည့် ၈ နှစ်အတွင်း မူပိုင်ခွင့်လျှောက်ထားမှုသည် တစ်နှစ်လျှင် ပျမ်းမျှ ၇.၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ရာ လုပ်ငန်းရှင်များအကြား မူပိုင်ခွင့်ကာကွယ် ရေးအသိပညာပိုမိုမြင့်မားလာကြောင်း ပြသနေပါသည်။ ယခု TCEX 2026 ပြပွဲကြီးတွင် ထိုင်းဖန်တီးရှင်ပေါင်း ၂၅၀ ကျော်၏လက်ရာများကို ဇုန်ကြီး ၄ ဇုန်ခွဲ၍ပြသခဲ့ပြီး၊ ပြပွဲကျင်းပသည့် ပထမ ၂ ရက်အတွင်းမှာပင် လာရောက်လည်ပတ်သူ ၁၅,၀၀၀ ကျော်(မျှော်မှန်းချက်ထက် နှစ်ဆနီးပါး)ရှိခဲ့ပါသည်။ ထို့ပြင် စီးပွားရေးအချင်းချင်းချိတ်ဆက်မှု(Business Matching)အပိုင်းတွင်လည်း ကနဦးရည်မှန်းထားသည့် ဘတ်သန်း ၅၀၀ အနက် ပထမ ၂ ရက်အတွင်းမှာပင် ဘတ် ၃၁၆ သန်းကျော်ဖန်တီးပေးနိုင်ခဲ့သဖြင့် စီမံကိန်းရည်မှန်းချက်ထက် ကျော်လွန်အောင်မြင်မည်ဟု အစိုးရက ယုံကြည်ထားသည်။ ပြပွဲအတွင်း ဖန်တီးမှုကဏ္ဍမြှင့်တင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက မိတ်ဖက်အဖွဲ့အစည်းများအကြား နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးခဲ့ကြသည့်အပြင်၊ ကုန်ပစ္စည်းအတုအပများ မဝယ်ယူ၊ မသုံးစွဲ၊ အားမပေးကြရန် "Do not buy, do not use, do not support counterfeit goods"ဟူသော လှုပ်ရှားမှုကိုလည်း လူထုအသိပညာပေးရန် ထည့်သွင်းကျင်းပခဲ့ကြောင်းသိရသည်။
ကိုးကား Ministry of Commerce, Thailand
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)