International News

ရုရှားနှင့်တရုတ်ကုန်သွယ်မှုပမာဏ ၇.၅ ရာခိုင်နှုန်းကျဆင်း၊ ကုန်သွယ်မှုအားလုံးနီးပါး နိုင်ငံတော်ငွေကြေးများဖြင့် ဆောင်ရွက်ခဲ့

Last Updated:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်း ရုရှားနှင့်တရုတ်ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၁.၁၂ ဘီလီယံထိရှိခဲ့ပြီး ၇.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံကာလအတွင်း တရုတ်သို့ ရုရှားကုန်ပစ္စည်းတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၄၀.၃၁ ဘီလီယံရှိပြီး ၉.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ရုရှားနိုင်ငံသို့ တရုတ်ထုတ်ကုန်များတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၀.၈၁ ဘီလီယံရှိပြီး ၅.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ တင်သွင်းသည့် ရုရှားကုန်ပစ္စည်းအများစုမှာ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ လောင်စာဆီ၊ ကြေးနီနှင့် ကြေးနီသတ္တုရိုင်း၊ သစ်နှင့် ရေထွက်ကုန်များ ပါဝင်သည်။

ရုရှားနိုင်ငံသို့တင်ပို့သည့် တရုတ်ကုန်ပစ္စည်းများမှာ မော်တော်ယာဉ်၊ လယ်ထွန်စက်၊ ကွန်ပျူတာနှင့် စမတ်ဖုန်းများအပြင် စက်မှုနှင့်အထူးပစ္စည်းကိရိယာများ၊ ကလေးကစားစရာများ၊ အဝတ်အထည်များနှင့် ဖိနပ်များ ပါဝင်သည်။

ရုရှားနှင့် တရုတ်ကြား အပြန်အလှန်ငွေပေးချေမှုများကို နိုင်ငံတော်ငွေကြေးဖြင့် ဆောင်ရွက်ရန် အချိန်မီညှိနှိုင်းခဲ့သည့် ခြေလှမ်းများကြောင့် ကူးသန်းရောင်းဝယ် ရေးဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းလာစေကြောင်း၊ ရလဒ်အားဖြင့် ရုရှား-တရုတ်ကုန်သွယ်မှုလုပ်ငန်းအားလုံးနီးပါးကို ရူဘယ်နှင့် ယွမ်ငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်သည့် အပြန်အလှန်ကုန်သွယ်မှုစနစ်ကို တည်ဆောက်ထားပြီး တတိယနိုင်ငံများ၏လွှမ်းမိုးမှုမှ စိတ်ချယုံကြည်စွာ အကာအကွယ်ပေးထားကြောင်း ရုရှားသမ္မတက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ရုရှား-တရုတ် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၅ ဘီလီယံခန့်ရှိခဲ့ပြီး ရုရှား၏နိုင်ငံခြားကုန်သွယ်မှုတွင် တရုတ်နိုင်ငံသည် ပထမနေရာ ဖြစ်ကြောင်း သိရသည်။

Source :        https://www.interfax.ru/business/1024818

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News