Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ မတ်လအတွင်းက သွေးခုံးပိဿာချိန် ၅၇၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် သွေးခုံး ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ “ ဧပြီလအတွင်း သွေးခုံးတွေကို ရန်ကုန်ဘက်က ဝယ်ယူမှုကောင်းခဲ့ပါတယ်။ ဒေသထွက်ရေထွက်ကုန်တွေကို ရန်ကုန်ဘက်ကိုပဲ တင်ပို့ရောင်းချခဲ့တာပါ။ ပြည်တွင်းမှာကို သွေးခုံးတွေက ဝယ်ယူမှုများပြားနေပါတယ်။ ဧပြီလတစ်လအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလဲ သွေးခုံးအပါအဝင် ဒေသထွက်ရေထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်ဘက်က အဝယ်လိုက်နေပါတယ်” ဟု ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ သွေးခုံးများတင်ပို့ရောင်းချနိုင်သည့်အတွက် ရေလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း၊ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ သွေးခုံးများအပါအဝင် အခြားရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News