International News

သမ္မတဒေါ်နယ်ထရမ့်၏အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ကာတာလေကြောင်းလိုင်းက Boeing ဂျက်လေယာဉ်စီးရေ (၂၁၀) ဝယ်ယူမည်ဟုဆို

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ကာတာလေကြောင်းလိုင်း(Qatar Airways)ကုမ္ပဏီက Boeing ဂျက်လေယာဉ်အစီး(၂၁၀) ဝယ်ယူမည်ဟု ကြေညာခဲ့ပြီး ယင်းသို့ဝယ်ယူမှုသည် Boeing ကုမ္ပဏီ၏သမိုင်း ကြောင်းတစ်လျှောက် ပမာဏအများဆုံးရရှိသည့် အမှာစာတစ်ခုဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသည် ကမ္ဘာ့အကောင်းဆုံးပစ္စည်းကိရိယာများထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ ကာတာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ ပစ္စည်းကိရိယာအများအပြားကို ဝယ်ယူနိုင်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ ထို့အပြင် ခရီးစဉ်အတွင်း အမေရိကန်နှင့် ကာတာနိုင်ငံအကြား ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းပူးပေါင်းဆောင်ရွက်မှုတွင် ကာတာနိုင်ငံက ဒရုန်းပစ်နည်းပညာနှင့်ပတ်သက်၍ Raytheon ကုမ္ပဏီနှင့် အမေရိကန်ဒေါ်လာ(၁)ဘီလီယံပမာဏရှိသဘောတူညီချက်၊ အဝေးထိန်းလေယာဉ်စနစ်နှင့်ပတ်သက်၍ General Atomics ကုမ္ပဏီနှင့် အမေရိကန်ဒေါ်လာ (၂)ဘီလီယံပမာဏရှိ သဘောတူညီချက်နှင့် အမေရိကန်၊ ဗြိတိန်နှင့် ကာတာလေတပ်များအခြေစိုက်သည့် Al Udeid Air Base အား အထောက်အပံ့ပေးမည့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၃၈)ဘီလီယံအသီးသီးပါဝင်ကြောင်း၊ အမေရိကန်အစိုးရက ကာတာနိုင်ငံနှင့်သဘောတူညီချက်များသည် အမေရိကန်ဒေါ်လာ (၁.၂)ထရီလီယံအထိရှိရန် မျှော်မှန်းကြောင်း ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန်နှင့် ကာတာနိုင်ငံတို့အကြား လက်မှတ်ရေးထိုးရာတွင် ကာတာနိုင်ငံက အမေရိကန်သမ္မတအတွက် Air Force One အသစ်အဖြစ်အသုံးပြုရန်လှူတန်းမည့် ဂျက်လေယာဉ်တန်ဖိုး အမေရိကန်ဒေါ်လာသန်း(၄၀၀) ပါဝင်မှုမရှိကြောင်းသိရှိရပြီး ကာတာနိုင်ငံက ဂျက်လေယာဉ်လက်ဆောင်ပေးမည့်ကိစ္စရပ်အပေါ် သုံးသပ်လျက်ရှိသည်ဟုပြောကြားခဲ့ပါကြောင်းနှင့် အမေရိကန်သမ္မတအား ကာတာနိုင်ငံက ဂျက် လေယာဉ်လက်ဆောင်ပေးမည့်ကိစ္စရပ်အပေါ် ကျင့်ဝတ်ဆိုင်ရာစိုးရိမ်မှုများ ပေါ်ပေါက်လျက်ရှိကြောင်း သိရှိရပါသည်။

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Source: The New York Times

https://www.nytimes.com/2025/05/14/us/politics/qatar-airways-boeingjets.html?smid =url-share

Category: International News