International News

သမ္မတဒေါ်နယ်ထရမ့်၏ အွန်လိုင်းခရစ်တိုငွေကြေးပမာဏအများအပြားကို တရုတ်နှင့်ဆက်စပ်သည့် အသေးစားကုမ္ပဏီတစ်ခုက ဝယ်ယူမည်ဟုဆို

Last Updated:

တရုတ်နိုင်ငံနှင့်အဆက်အသွယ်ရှိပြီး TikTok လူမှုကွန်ရက်အပေါ်မှီခိုနေရသည့် အသေးစားနည်းပညာကုမ္ပဏီ GD Culture Group က သမ္မတဒေါ်နယ်ထရမ့်၏ အွန်လိုင်းခရစ်တိုငွေကြေးခေါ် “$Trump” ကို အမေရိကန်ဒေါ်လာသန်း(၃၀၀)ဖိုး ဝယ်ယူမည်ဖြစ်ကြောင်းသိရှိရပါသည်။ GD Culture Group သည် ဝန်ထမ်း (၈) ဦးသာရှိသည့် တရုတ်လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၎င်း၏အွန်လိုင်းရောင်းဝယ်မှုများမှ ဝင်ငွေသုညရာခိုင်နှုန်းသာရှိသည်ဟု မှတ်တမ်းများတွင် ဖော်ပြခဲ့ကြောင်း၊ GD Culture Group ကုမ္ပဏီသည် အမေရိကန် Nasdaq စတော့ရှယ်ယာအညွှန်းကိန်းအောက်၌  အစုရှယ်ယာရောင်းဝယ်လျက်ရှိသည့်ကုမ္ပဏီဖြစ်ပြီး $Trump အွန်လိုင်းခရစ်တိုငွေကြေးဝယ်ယူရန် British Virgin Island ရှိ ၎င်း၏ ကုမ္ပဏီရောင်းရငွေကို သုံးစွဲသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏စီးပွားရေးလုပ်ငန်းအလားအလာကို တိုးမြှင့်နိုင်ရန်နှင့် သမ္မတဒေါ်နယ်ထရမ့် အပေါ် ၎င်းတို့၏စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ လွှမ်းမိုးနိုင်ရန်အလို့ငှာ $Trump အွန်လိုင်းခရစ်တိုငွေကြေးဝယ်ယူလာကြခြင်းဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီ (၃)ရက်အလိုက ၎င်း၏ $Trump ကို ၎င်းနှင့်သားများပိုင် အွန်လိုင်းခရစ်တိုငွေကြေးကုမ္ပဏီမှတစ်ဆင့် ထုတ်ဝေရောင်းချခဲ့ပါကြောင်း၊ လွန်ခဲ့သောလက သမ္မတဒေါ်နယ်ထရမ့်နှင့် ၎င်း၏ မိတ်ဖက်များက  $Trump အွန်လိုင်းခရစ်တိုငွေကြေး အများဆုံးဝယ်ယူသူ(၂၂၀)ဦးကို ဗာဂျီးနီးယားပြည်နယ်ရှိ သမ္မတပိုင်ဂေါက်ကွင်း၌ကျင်းပမည့် ညစာစားပွဲသို့ ဖိတ်ကြားသွားမည်ဟု ကြေညာခဲ့ကြောင်း၊ $Trump အွန်လိုင်းခရစ်တိုငွေကြေးဝယ်ယူသူများသည် မက္ကဆီကို၊ စင်ကာပူနှင့် ဩစတြေးလျနိုင်ငံမှ အများစုဖြစ် ကြောင်း၊ သမ္မတ၏ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် နိုင်ငံရေးမဲဆွယ်စည်းရုံးပွဲများအတွက် နိုင်ငံခြား အလှူရှင်များကို ဖက်ဒရယ်ဥပဒေအရတားမြစ်ထားရာ $Trump ဝယ်ယူခြင်းဖြင့် သမ္မတကိုငွေကြေးအရ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ မက္ကဆီကိုအခြေစိုက်သင်္ဘောကုမ္ပဏီ Fr8Tech သည် အမေရိကန်နှင့်မက္ကဆီကိုအကြား မျှတသော၊ ဘက်မျှမှုရှိသောလွတ်လပ်သည့်ကုန်သွယ်ရေးဖြစ်ပေါ်လာစေရေး တွန်းအားပေးရန် ရည်ရွယ်လျက် $Trump အွန်လိုင်းခရစ်တိုငွေကြေးကို အမေရိကန်ဒေါ်လာသန်း (၂၀)ဖိုးအထိ ဝယ်ယူမည်ဟု ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Source: The New York Times

https://www.nytimes.com/2025/05/13/us/politics/trump-crypto-purchase.html?smid=url-share

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News