International News

ထိုင်း-ကမ္ဘောဒီးယား၏ တစ်ကျော့ပြန်ပဋိပက္ခကြောင့် ထိုင်းနှင့် အမေရိကန်တို့အကြား ဆွေးနွေးဆဲဖြစ်သည့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုအပေါ် သက်ရောက်မှုရှိနိုင်မည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးက ပြောကြားခဲ့

Last Updated:

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပြဿနာသည် ထိုင်းနိုင်ငံဖက်မှစတင်ခဲ့ခြင်း မဟုတ်ဘဲ ထိုင်းနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုသည် ပုံမှန်အတိုင်းရှိနေသောကြောင့် ထိုင်းနိုင်ငံ၏ အခွန်အပေါ် ဖိအားဖြစ်လာစေမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mrs. Suphajee Suthumpun က ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးညှိနှိုင်းမှုကို စီစဉ်ထားသည့်အတိုင်း ယခုနှစ်အတွင်း အပြီးသတ်နိုင်ရေး တောင်းဆိုထားသော်လည်း ၎င်းတို့ဖက်မှ အချိန်မီအပြီးသတ်နိုင်ခြင်းရှိ-မရှိကို မသေချာသေးပါကြောင်း၊ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးကလည်း ဆွေးနွေးထားသည့် နောက်ဆုံးအခြေအနေများကို မထုတ်ပြန်သေးပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ပုံမှန်အတိုင်းဆောင်ရွက်နေဆဲဖြစ်ပြီး နယ်စပ်ပဋိပက္ခနှင့်စပ်လျဉ်း၍ အမေရိကန်ဖက်မှ တရားဝင်တုန့်ပြန်မှု တစ်စုံတစ်ရာမရမချင်း ပြောင်းလဲခြင်းမရှိပါကြောင်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာနကလည်း အသေးစိတ်ရှင်းလင်းချက်များကို ထုတ်ပြန် သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းများအကြား ပြဿနာရပ်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေဆဲဖြစ်ရာ အကောင်းဆုံးသောအကျိုးကျေးဇူးဖြင့် အဆုံးသတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ပဋိပက္ခနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံအပေါ် ဖိအားတစ်စုံတစ်ရာပေးလာနိုင်ခြင်းအပေါ် မေးမြန်းခဲ့ရာ ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းပြီးဖြစ်ကြောင်း၊ နောက်ဆုံးဖြစ်ရပ်သည် ယခင်က ဖြစ်ရပ်ကဲ့သို့ပင် ထိုင်းစစ်သားများမြေမြှုပ်မိုင်းနင်းမိရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏အမှားမဟုတ်ဘဲ ပဋိပက္ခကို ထိုင်းနိုင်ငံမှ စတင်ခဲ့ခြင်းမဟုတ်ပါကြောင်း၊ အမေရိကန်၏ ရပ်တည်ချက်သည် မပြောင်းလဲဘဲညှိနှိုင်းမှုများသည်လည်းပုံမှန်အတိုင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံသည် အခွန်ပြဿနာရပ်များကို ဦးစားပေးခြင်းထက် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ လုံခြုံစိတ်ချမှုကို ဦးစားပေးကာကွယ်ရန်နှင့် စစ်သားများကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပေးရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမှားဆောင်ရွက်ထားခြင်းမရှိပါက မိမိတို့မူအတိုင်းခိုင်ခိုင်မာမာရပ်တည်ရန် ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် နယ်စပ်တစ်လျှောက်ပဋိပက္ခများမှ ထိခိုက်မှုများကို စောင့်ကြည့်လျက်ရှိပြီး ဇွန်လအတွင်း ပဋိပက္ခကြောင့် နယ်စပ်ဂိတ်များပိတ်သိမ်းမှုဖြစ်ပွားခဲ့ရာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကုန်သွယ်မှုကို သိသိသာသာကျဆင်းစေခဲ့ပါကြောင်း၊ ယခုနှစ်ပထမ ၁၀ အတွင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုသည် ပို့ကုန် ဘတ် ၇၂.၈ ဘီလီယံနှင့် သွင်းကုန် ဘတ် ၂၂.၇ ဘီလီယံရှိခဲ့ရာ ကုန်သွယ်မှုပမာဏဘတ် ၉၅.၅ ဘီလီယံဖြင့် ၃၆.၆ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ အောက်တိုဘာလအတွင်း နယ်စပ် ကုန်သွယ်မှုသည် ပို့ကုန်ဘတ် ၉ သန်းနှင့်သွင်းကုန်ဘတ် ၃၂၀,၀၀၀ ဖြင့် ကုန်သွယ်မှုပမာဏဘတ် ၉ သန်းသာရှိခဲ့ရာ ၉၉.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ လက်ရှိပဋိပက္ခကြောင့် နောက်ထပ်သက်ရောက်မှုများဖြစ်ပွားနိုင်ဖွယ်မရှိပါကြောင်း၊ အဓိကပြဿနာမှာ နယ်စပ်တစ်လျှောက်ရှိလုပ်ငန်းများကို ထောက်ပံ့ပေးရန်ဖြစ်ကြောင်း၊ နှစ်သစ်ကူးကာလအတွင်း ပြည်နယ် ၇ ခုမှ ထုတ်ကုန်များကို ဝန်ကြီးဌာနမှ ကျင်းပသည့်ပြပွဲများတွင် ပါဝင်ပြသနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများရှိသည့် လုပ်ငန်းရှင်များအတွက် ငွေဖြစ်လွယ်မှုမြှင့်တင်ပေးသည့် ချေးငွေများနှင့် စက်ပစ္စည်းယန္တရားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ရွှေ့ပြောင်းနိုင်ရေး ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News