အီလက်ထရောနစ်အစိတ်အပိုင်းများ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် နေ့စဉ်သုံးပစ္စည်းများသယ်ဆောင်လာသည့် ယာဉ်တန်းများသည် နန်နင်း(တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)နှင့် ကူမင်း(တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်)တို့မှ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဟနွိုင်းမြို့သို့ အသီးသီးထွက်ခွာခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ၏ဖော်ပြချက်အရ သိရှိရပါသည်။
အဆိုပါသယ်ယူပို့ဆောင်ရေးယာဉ်တန်းသည် ဗီယက်နမ်နိုင်ငံသို့ ယူနန်ပြည်နယ် ဟဲခွန်နယ်စပ်ဂိတ်နှင့် ကွမ်ရှီးရှိ Youhi Guan နယ်စပ်ဂိတ်တို့မှတစ်ဆင့် ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
မဟာမဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးလွယ်ကူရေးသဘောတူညီချက် (CBTA)အရ တရုတ်နိုင်ငံမှ ကုန်စည်ပို့ဆောင်ရေးယာဉ်များသည် လမ်းကြောင်းသစ်ကိုအသုံးပြု၍ ဗီယက်နမ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများသို့ ပထမဦးဆုံးအကြိမ် တိုက်ရိုက်ဝင်ရောက်နိုင်ပြီဖြစ်ပါသည်။
အဆိုပါလမ်းကြောင်းသည် ဗီယက်နမ်နှင့်တရုတ်နိုင်ငံတို့အကြား နိုင်ငံတကာကုန်းလမ်းသယ်ယူပို့ဆောင်ရေးတွင် သိသိသာသာတိုးတက်ကောင်းမွန်လာစေပါ သည်။ ယခင်လမ်းကြောင်းများနှင့်နှိုင်းယှဉ်ပါက လမ်းကြောင်းသစ်ကိုအသုံးပြုခြင်းဖြင့် ကုန်တင်ကားတစ်စီးလျှင် သယ်ယူပို့ဆောင်ချိန်အတွက် အချိန်တစ်ရက်ခန့် သက်သာစေပြီး ကုန်ကျစရိတ်မှာ ယွမ် ၁၀၀၀(ဒေါ်လာ ၁၃၈ ကျော်)အထိ လျှော့ချပေးကြောင်း သိရှိရပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)