International News

ရုရှားသည် ဂျပန်နိုင်ငံမှ ငါးထွက်ကုန်များ၏ ဘေးကင်းရေးဆိုင်ရာ အချက်အလက်များ တောင်းခံ

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှုဖက်ဒရယ်အစိုးရဌာန(Rosselkhoznadzor)က ဂျပန်နိုင်ငံမှ ငါးထုတ်ကုန်များဘေးကင်းမှုရှိကြောင်း အတည်ပြုရန်အတွက် လိုအပ်သော သတင်းအချက်အလက်များပံ့ပိုးပေးရန် ဂျပန်ဘက်သို့ တောင်းဆိုခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး(Sanitary and phytosanitary-SPS) စီမံဆောင်ရွက်ချက်များဆိုင်ရာကော်မတီအစည်းအဝေးသို့ Rosselkhoznadzor ဌာနက ပါဝင်တက်ရောက်ပြီးနောက် ယင်းကဲ့သို့ ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဂျပန်ဘက်က ၂၀၁၁ ခုနှစ်၌ Fukushima-1 နျူကလီးယားဓာတ်အားပေးစက်ရုံတွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်၏အကျိုးဆက်များကို ဖယ်ရှားပေးပြီးနောက် ၎င်း၏အစားအစာများတွင် ဓာတ်ရောင်ခြည်ဘေးကင်းလုံခြုံမှုနှင့် လူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုမရှိကြောင်း WTO အဖွဲ့ဝင်များကို ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေထုတ်လွှတ်သည့်နေရာ၌ နမူနာယူနိုင်ခွင့်အပါအဝင် ဂျပန်နိုင်ငံမှ ငါးထွက်ကုန်များ၏ ဘေးကင်းလုံခြုံမှုရှိကြောင်း အတည်ပြုရန်လိုအပ်သောသိပ္ပံနည်းကျခိုင်လုံသည့်အချက်အလက်များပံ့ပိုး ပေးရန် ဂျပန်ဘက်သို့ Rosselkhoznadzor ဌာန၏တောင်းဆိုမှုကို တရုတ်ကိုယ်စားလှယ်အဖွဲ့မှ ထောက်ခံခဲ့ကြကြောင်း အဆိုပါဌာန၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေဒီယိုသတ္တိကြွညစ်ညမ်းသောအစားအသောက်ထုတ်ကုန်များ ရုရှားဈေးကွက်အတွင်းသို့ ဝင်ရောက်လာနိုင်သည့်အန္တရာယ်များကို ကာကွယ်ရန်အတွက် ရုရှားနိုင်ငံသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အရေးပေါ်စီမံချက်တစ်ရပ်ကိုလုပ်ဆောင်ခဲ့ပြီး ဂျပန်နိုင်ငံမှ ငါးနှင့်ပင်လယ်စာများတင်ပို့မှုကို ကန့်သတ်ခဲ့ကြောင်း သိရှိရပါသည်။ Rosselkhoznadzor ဌာနသည် ရုရှားနိုင်ငံသို့ တင်သွင်းလာသော စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များအား ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)မှချမှတ်ထားသည့် ယူ‌ရေးရှားအကောက်ခွန်သမဂ္ဂ(Eurasian Customs Union)၏နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးထိန်းကျောင်းကြီးကြပ်ရသော အစိုးရဌာနဖြစ်ပါသည်။

Source :    https://tass.ru/ekonomika/21247457

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News