International News

၂၀၂၃-၂၄ စားသုံးဆီနှစ် ပထမ ၈ လအတွင်း အိန္ဒိယနိုင်ငံမှ စားသုံးဆီတင်သွင်းမှု ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်း

Last Updated:

၂၀၂၃-၂၄ စားသုံးဆီနှစ်(နိုဝင်ဘာလမှ အောက်တိုဘာလအထိ) ၈ လအတွင်း အိန္ဒိယနိုင်ငံမှ စားသုံးဆီတန်ချိန် ၁၀ ဒသမ ၀၉ သန်းတင်သွင်းခဲ့ပြီး ယခင်နှစ် ကာလတူက တန်ချိန် ၁၀ ဒသမ ၃၆ သန်းတင်သွင်းခဲ့သည့်အတွက် ၂ ဒသမ ၆၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ သို့သော် ၂၀၂၄ ခုနှစ် ဇွန်လက စားသုံးဆီတန်ချိန် ၁ ဒသမ ၅၂ တန်တင်သွင်းခဲ့ရာ လွန်ခဲ့သောနှစ် ကာလတူက တန်ချိန် ၁ ဒသမ ၃၁ သန်းသာတင်သွင်းခဲ့သည့်အတွက် တင်သွင်းမှု ၁၆ ဒသမ ၄၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၁ ရက်က ဖော်ပြသည်။

၂၀၂၃-၂၄ စားသုံးဆီနှစ်၏ ပထမ ၈ လတာကာလအတွင်း စားအုန်းဆီနှင့် ပဲပိစပ်ဆီတင်သွင်းမှု ကျဆင်းခဲ့ကြောင်း Solvent Extractors’ Association of India(SEA)မှ အချက်အလက်များအရ သိရ သည်။

အဆိုပါ ၈ လတာကာလအတွင်း စားအုန်းဆီကြမ်းနှင့်သန့်စင်ပြီးစားအုန်းဆီ(RBD palmolein)အပါအဝင် စုစုပေါင်းစားအုန်းဆီတင်သွင်းမှုသည် ယခင်နှစ် ကာလတူက တန်ချိန် ၆ ဒသမ ၀၃ သန်းတင်သွင်းခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၅ ဒသမ ၇ သန်းသို့ လျှော့ချတင်သွင်းခဲ့ကြောင်း SEA အမှုဆောင်ဒါရိုက်တာ BV Mehta က ပြောကြားသည်။

၂၀၂၃-၂၄ စားသုံးဆီနှစ်၊ နိုဝင်ဘာလမှ ဇွန်လအထိ အိန္ဒိယနိုင်ငံမှ သန့်စင်ပြီးစားအုန်းဆီ(RBD palmolein)တင်သွင်းမှုတန်ချိန် ၁ ဒသမ ၃၈ သန်းရှိပြီး၊ ယခင်နှစ် ကာလတူက တန်ချိန် ၁ ဒသမ ၄ သန်း တင်သွင်းခဲ့ကြောင်း သိရ သည်။

အဆိုပါကာလအတွင်း ပဲပိစပ်ဆီတင်သွင်းမှုတန်ချိန် ၁ ဒသမ ၈၆ သန်းရှိပြီး ယခင်နှစ် ကာလတူက တန်ချိန် ၂ ဒသမ ၄၈ သန်းတင်သွင်းခဲ့ကြောင်းသိရသည်။ သို့သော် ယခင်နှစ် နိုဝင်ဘာလမှ ဇွန်လအထိကာလအတွင်း ကြာဆီတင်သွင်းမှုတန်ချိန် ၁ ဒသမ ၈၅ သန်းသာရှိခဲ့ရာမှ ယခုနှစ်ကာလတူ၌ ၂ ဒသမ ၄၆ သန်းတင်သွင်းခဲ့သည့်အတွက် တင်သွင်းမှုမြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၄ စားသုံးဆီနှစ်၏ ပထမ ၈ လတာကာလအတွင်း စုစုပေါင်းစားသုံးဆီတင်သွင်းမှု၌ စားအုန်းဆီပါဝင်မှု ၅၇ ရာနှုန်းနှုန်းရှိပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ စားသုံးဆီချော(soft oils)ပါဝင်မှု ၄၃ ရာခိုင်နှုန်းရှိကာ ယခင်နှစ်ကာလတူကထက် ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း Mehta က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် အိန္ဒိယနိုင်ငံသို့ သန့်စင်ပြီးစားအုန်းဆီ(RBD palmolein)နှင့် စားအုန်းဆီကြမ်း(crude palm oil)ကို အဓိကတင်ပို့သောနိုင်ငံများဖြစ်ကြသည်။ ၂၀၂၃-၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ဇွန်လအထိ အင်ဒိုနီးရှားနိုင်ငံမှ သန့်စင်ပြီးစားအုန်းဆီ(RBD palmolein)တန်ချိန် ၁ ဒသမ ၁၇ သန်းနှင့် စားအုန်းဆီကြမ်း(crude palm oil)တန်ချိန် ၁ ဒသမ ၉၉ သန်းတင်ပို့ခဲ့ကာ၊ မလေးရှားနိုင်ငံမှ သန့်စင်ပြီးစားအုန်းဆီ(RBD palmolein)တန်ချိန် ၀ ဒသမ ၂ သန်းနှင့် စားအုန်းဆီကြမ်း(crude palm oil)တန်ချိန် ၁ ဒသမ ၇၇ သန်းတင်ပို့ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ပဲပိစပ်ဆီကြမ်း(အခဲဖယ်ပြီးဆီ၊ de-gummed oil)ကို အာဂျင်တီးနားနိုင်ငံမှ တန်ချိန် ၁ ဒသမ ၀၅ သန်းနှင့် ဘရာဇီးနိုင်ငံမှ ၀ ဒသမ ၆၂ သန်းတင်သွင်းခဲ့ကြောင်း သိရသည်။ ၂၀၂၃-၂၄ စားသုံးဆီနှစ်၏ ပထမ ၈ လတာကာလအတွင်း ရုရှားနိုင်ငံမှ နေကြာဆီကြမ်းတန်ချိန် ၁ ဒသမ ၁၇ သန်း၊ ရိုမေးနီးယားနိုင်ငံမှ တန်ချိန် ၀ ဒသမ ၆ သန်း၊ ယူကရိန်းနိုင်ငံမှ တန်ချိန် ၀ ဒသမ ၃၅ သန်းနှင့် အာဂျင်တီးနားနိုင်ငံမှ တန်ချိန် ၀ ဒသမ ၂၄ သန်းအသီးသီးတင်သွင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် ယခုနှစ် ရသုံးမှန်းခြေတွင် စားသုံးဆီကဏ္ဍတိုးတက်ရေးအတွက် အသုံးစရိတ်များသုံးစွဲရန် လျာထားလျက်ရှိကြောင်း၊ ထို့အပြင် စားသုံးဆီအပေါ်ထားရှိသော အကောက်ခွန်နှုန်းထားများကို မြှင့်တင်သွားရန်ရှိသည့်အတွက် ရေရှည်တွင် ပြည်တွင်းဆီထွက်သီးနှံစိုက်ပျိုးထွက်ရှိမှုတိုးမြင့်လာကာ ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်လိမ့်မည်ဟု SEA မှ တာဝန်ရှိသူ Mehta က ပြောကြားခဲ့သည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ၂၀၂၃-၂၄ စားသုံးဆီနှစ်၏ ပထမ ၈ လတာကာလအတွင်း ပြည်ပမှ စားသုံးဆီတင်သွင်းမှု ၂ ဒသမ ၆၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သို့သော် ဇွန်လတစ်လတာအတွင်း စားသုံးဆီတန်ချိန် ၁ ဒသမ ၅၂ တန်တင်သွင်းခဲ့ပြီး လွန်ခဲ့သောနှစ် ကာလတူကထက် ၁၆ ဒသမ ၄၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ အစိုးရအနေဖြင့်လည်း ပြည်တွင်းဆီထွက်သီးနှံစိုက်ပျိုးထွက်ရှိမှု တိုးတက်ရန်နှင့် ပြည်ပမှ တင်သွင်းမှုလျှော့ချရေးကို အမျိုးသားရေးမူဝါဒတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိပါသည်။

ရည်ညွှန်း။          The Hindu Businessline, India’s edible oil import down 2.6% in first eight months of oil year 2023-24, July 11, 2024     

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News