International News

တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်အတွက် ဒစ်ဂျစ်တယ်ယွမ်စင်တာကို ဖွင့်လှစ်လိုက်ပြီဖြစ်

Last Updated:

နယ်စပ်ဖြတ်ကျော်ဒစ်ဂျစ်တယ်ငွေပေးချေမှုများ၊ blockchain ဝန်ဆောင်မှုများနှင့် e-CNY အတွက် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုတို့ကိုဆောင်ရွက်ရန် နိုင်ငံတကာဒစ်ဂျစ်တယ်ယွမ်စင်တာကို ရှန်ဟိုင်းမြို့ ၌ ၂၄-၉-၂၀၂၅ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

People's Bank of China လက်အောက်ရှိ ဒစ်ဂျစ်တယ်ငွေကြေးအဖွဲ့အစည်းမှ စီမံခန့်ခွဲသော အဆိုပါစင်တာသည် ပြည်တွင်းနှင့် ပြည်ပဘဏ္ဍာရေးစနစ်များကို ချိတ်ဆက်မှုကို မြှင့်တင်ရန်အတွက် e-CNY ၏ နယ်စပ်ဖြတ်ကျော်နှင့် blockchain အခြေခံအဆောက်အဦများကို တည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲခြင်းအပေါ် အလေးထားဆောင်ရွက်မည်ဖြစ်ကာ ဒစ်ဂျစ်တယ်ယွမ်၏ နိုင်ငံတကာလည်ပတ်မှုကို မြှင့်တင်ခြင်း၊ အမျိုးမျိုးသောငွေကြေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေခြင်းနှင့် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာဆန်းသစ်တီထွင်ခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုကောင်းမွန်စွာပံ့ပိုးပေးနိုင်ရန် ရည်ရွယ်သည့် အဆိုပါစင်တာသစ်သည် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများကို လွယ်ကူချောမွေ့စေရန် တရုတ်နိုင်ငံ၏ အစီ အမံများကို ကိုယ်စားပြုရုံသာမက ရှန်ဟိုင်းကို နိုင်ငံတကာဘဏ္ဍာရေး ဗဟိုချက်ဖြစ်လာစေရန်လည်း အထောက်အကူပြုကြောင်း PBOC ၏ ဒုတိယအုပ်ချုပ်ရေးမှူး Lu Lei က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ငွေကြေးနှင့် ငွေပေးချေမှုစနစ်အား အဆင့်မြှင့်တင်ခြင်းနှင့် တိုးတက်ပြောင်းလဲခြင်းများကို လုပ်ဆောင်ချိန်တွင် ဒစ်ဂျစ်တယ်ယွမ်(renminbi) နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေးအခြေခံအဆောက်အဦစနစ်အား ကနဦးစတင်တည်ထောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

PBOC သည် ကမ္ဘာလုံးဆိုင်ရာ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်များ တိုးတက်ကောင်းမွန်လာစေရန် ပွင့်လင်း၍အားလုံးပါဝင်ပြီး ဆန်းသစ်သောဖြေရှင်းနည်းများကို ပံ့ပိုးပေးရန်ကတိပြုကြောင်း၊ တရုတ်ဗဟိုဘဏ်မှ ချမှတ်ထားသည့် မပျက်စီးစေသော၊ လိုက်လျောညီထွေရှိပြီး အပြန်အလှန်လုပ်ဆောင်နိုင်သော အခြေခံမူသုံးရပ်သည် တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအတွက် နယ်စပ်ဖြတ်ကျော်အခြေခံအဆောက်အဦများတည်ဆောက်ရာတွင် အခြေခံလမ်းညွှန်ချက်များဖြစ်လာသည်ဟု Lu က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းမှာပင် PBOC သည် ငွေပေးချေမှုများတွင် စည်းမျဉ်းစည်းကမ်းများ၏ ထိရောက်မှု၊ ပွင့်လင်းမြင်သာမှုနှင့်အလိုအလျောက်လုပ်ဆောင်မှုတို့ကိုမြှင့်တင်ရန်အတွက် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအား ဆန်းသစ်တီထွင်ခြင်းများကို ရှာဖွေလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

စင်တာသစ်၏ တိုးတက်မှုအရှိန်ကြောင့် ရှန်ဟိုင်းမြို့သည် ဒစ်ဂျစ်တယ် RMB ၏အသုံးချနိုင်မှုကို တိုးချဲ့၍ အသုံးပြုမည့်နယ်ပယ်ကို ကျယ်ပြန့်စေကာ တရုတ်ငွေကြေး၏ နိုင်ငံတကာသို့ ပြောင်းလဲမှုအဆင့်ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း မြို့တော်၏ အမှုဆောင်ဒု-မြို့တော်ဝန် Wu Wei က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

နည်းပညာဆန်းသစ်တီထွင်မှုနှင့်အပလီကေးရှင်းများကို စူးစမ်းလေ့လာခြင်းဖြင့် စင်တာသစ်သည် ဝန်ဆောင်မှုများ၏ လုံခြုံမှု၊ တည်ငြိမ်မှုနှင့် သုံးစွဲနိုင်မှုတို့ကို မြှင့်တင်ပေးမည်ဖြစ်ပြီး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးတို့အကြား ပိုမိုနက်ရှိုင်းသည့်ပေါင်းစပ်မှုအတွက် ခိုင်မာသော နည်းပညာကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source:https://www.chinadaily.com.cn/a/202509/26/WS68d62b72a3108622abca321a.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News