International News

ဆော်ဒီအာရေဗျနိုင်ငံနှင့် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ယူအေအီးနိုင်ငံမှ ဆောင်ရွက်လျက်ရှိ

Last Updated:

ဆော်ဒီအာရေဗျနိုင်ငံသည် ယူအေအီးနိုင်ငံနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းအောင်လုပ်ဆောင်သွားမည့် ၎င်း၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပြီး သင်္ဘောလုပ်ငန်းကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် နှစ်နိုင်ငံလုံး၏ ကမ္ဘာလုံးဆိုင်ရာရပ်တည်မှုအား မြှင့်တင်ပေးသွားမည့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးဟု ခေါ်ဆိုခဲ့ပါသည်။

ဒူဘိုင်း၍ ကျင်းပသည့် World Maritime Day Parallel Event 2025 ပြပွဲမှာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း(IMO) ၏ဆော်ဒီအာရေးဗျနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Kamal bin Mohammed Al-Junaidi က ပင်လယ်ရေကြောင်းပို့ဆောင်ရေးတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘေးကင်းလုံခြုံစေရေးနှင့် ဆန်းသစ်တီထွင်မှုများတိုးတက်လာစေရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းကြိုးပမ်းမှုများကို မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

Al-Junaidi က IMO CARES၊ GloNoise Partnership၊ Circular Letters၊ GloFouling Partner -ships နှင့် Next Wave Seafarers Project ကဲ့သို့သော IMO ၏ပဏာမခြေလှမ်းလှုပ်ရှားမှုအစီအစဉ်များအတွက် ဆော်ဒီရေယာဉ်များကို အသုံးပြု၍ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကျွန်းဆွယ်ဒေသများမှ ဝန်ထမ်းများအတွက် လေ့ကျင့်ရေးဆိုင်ရာ အခွင့် အလမ်းများအား ပံ့ပိုးပေးထားသည့် ဆော်ဒီအာရေဗျနိုင်ငံ၏ ပံ့ပိုးကူညီမှုများအပေါ် အလေးပေးပြောကြားခဲ့ပါသည်။

၎င်းက သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို ဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုမဏ္ဍိုင်အဖြစ် ဦးစားပေးဆောင်ရွက်ခဲ့သည့် Saudi Vision 2030 ဦးတည်ချက်၏ အောင်မြင်မှုများအား ထောက်ပြခဲ့ပါ သည်။ ၎င်းတွင် စမတ်ဆိပ်ကမ်းများချဲ့ထွင်ခြင်း၊ ပိုမိုကောင်းမွန်သော ကုန်တင်/ကုန်ချကိုင်တွယ်မှုစနစ်များနှင့်ကမ္ဘာလုံးဆိုင်ရာစက်မှုလုပ်ငန်း ခေတ်ရေစီးကြောင်းများ၊ ရေရှည်တည်တံ့မှုပန်းတိုင်များနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန်အတွက် လူသားအရင်းအနှီးတွင် ရင်းနှီး မြှုပ်နှံမှုများ စသည်တို့ပါဝင်ပါသည်။

Al-Junaidi မှ ဆော်ဒီအာရေဗျနိုင်ငံသည် ယခုအခါ နိုင်ငံတကာဘေးကင်းရေး စံချိန်/စံနှုန်းများနှင့်အညီ ၎င်းတို့၏ သင်္ဘောများသည် ဆော်ဒီအလံအောက်မှာ ရွက်လွှင့်သွားလာကြခြင်းဖြင့် ဒေသတွင်း ပထမအဆင့်နှင့် ကမ္ဘာ့အဆင့် ၂၀ တွင် ရပ်တည်လျက်ရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ကမ္ဘာ့အဆင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံချက်များ၌ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံသည် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွင် ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှုကို တွန်းအားပေးမောင်းနှင်သွားရန် ကတိပြုထားကြောင်း ၎င်းက ဆက်လက်၍ ပြောကြားခဲ့ပါသည်။

ဒူဘိုင်း၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ပင်လယ်ရေကြောင်းဖိုရမ်မှာ ကမ္ဘာ့ခေါင်းဆောင်များနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက သင်္ဘောလုပ်ငန်း၏ အနာဂတ်အပေါ် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး လုပ်ငန်း ၏ရေရှည်တည်တံ့မှုအစီအစဉ်ကို ပုံဖော်ရာတွင် ပင်လယ်ကွေ့ဒေသ၏ ကြီးထွားလာသော သြဇာလွှမ်းမိုးမှုအပေါ်အလေးပေးဖော်ပြခဲ့ပါကြောင်း သတင်းပါရှိပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News