International News

အာရှသည် ဗီယက်နမ်၏ အကြီးဆုံးလယ်ယာပို့ကုန်ဈေးကွက်ဖြစ်လာ

Last Updated:

အာရှသည် ဗီယက်နမ်၏ စိုက်ပျိုးရေးပို့ကုန်များအတွက် အကြီးဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ကော်ဖီ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ သီဟိုဠ်စေ့နှင့် ငရုတ်ကောင်းစသည့် ကုန်စည်များတင်ပို့မှုသည် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရှိရပါသည်။     

စာရင်းများအရ ဗီယက်နမ်၏စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ပစ္စည်း ပို့ကုန်များသည် အဆိုပါကာလအတွင်း အမေရိကန်ဒေါ်လာ ၆၄.၀၁ ဘီလီယံခန့်ရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၂.၆ ရာခိုင်နှုန်းတိုးလာကြောင်းသိရှိရပါသည်။ အာရှသည် နိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုး ၏ ၄၅.၁ ရာခိုင်နှုန်းရှိကြောင်း၊ အမေရိကသို့တင်ပို့မှု ၂၂.၈ ရာခိုင်နှုန်း၊ ဥ‌ရောပသို့ တင်ပို့မှု ၁၃.၄ ရာခိုင်နှုန်းအသီးသီးရှိကြောင်း သိရှိရပါသည်။ အာဖရိကနှင့် သမုဒ္ဒရာဒေသများသည် ၂.၈ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်းအသီးသီးရှိကြောင်း ရေးသားဖော်ပြထားပါသည်။

အာရှသည် ဗီယက်နမ်၏ အဓိကပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေရခြင်း၏ အဓိကအကြောင်းရင်းများထဲမှ တစ်ခုမှာ တရုတ်နိုင်ငံသည် ဗီယက်နမ်လယ်ယာထွက်ကုန်များ၏ အများဆုံးဝယ်ယူသူဖြစ်ပြီး စုစုပေါင်းစိုက်ပျိုးရေးပို့ကုန်၏ ၂၂ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ပြီးခဲ့သည့် ၁၁ လအတွင်း တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ယခင်နှစ်ထက် ၁၄.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ အမေရိကန်သို့တင်ပို့မှုမှာ ၆.၁ ရာခိုင် နှုန်း သာမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်(RCEP)၊ အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ် ရေးဇုန်(ACFTA)၊ ပစိဖိတ်နယ်စပ်ဖြတ်ကျော်သဘောတူညီချက် (CPTPP)နှင့် အခြားအာဆီယံသဘောတူညီချက်များအပါအဝင် အာရှတစ်ဝှမ်းရှိ ကျယ်ပြန့်သော လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များမှ (FTAs)မှ ဗီယက်နမ်ကုန်စည်များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေခြင်းဖြစ်ပါသည်။ အမေရိကန်ကဲ့သို့သော FTA နည်းပါးသောနိုင်ငံများထက် ဗီယက်နမ်ထုတ်ကုန်များ သည် အာရှဈေးကွက်များသို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် အာရှနိုင်ငံများစွာသည် ဗီယက်နမ်နှင့်အလားတူ စားသောက် ကုန်များဖြစ်သည့် ဆန်၊ ငါးတန်၊ ပုစွန်၊ သီဟိုဠ်စေ့နှင့် ငရုတ်ကောင်းတို့ကို စားသုံးကြကြောင်း၊ ဗီယက်နမ်ကုန်ပစ္စည်းကို ဒေသတွင်းစားသုံးသူ များက ပိုမိုလက်ခံစားသုံးလာကြောင်း ဖော်ပြထားပါသည်။

Source: https://wtocenter.vn/an-pham/29166-asia-is-viet-nams-biggest-farm-export-market

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News