ဗီယက်နမ်နိုင်ငံ၏တစ်ဦးချင်းအပေါ်ဝင်ငွေခွန် ကောက်ခံသည့်ဥပဒေကိုအမျိုးသားလွှတ်တော်မှ ဒီဇင်ဘာ ၁၀ ရက်နေ့တွင်အတည်ပြုခဲ့ပြီး ဥပဒေသစ်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သည်။ အမျိုးသားလွှတ်တော်သည် ၁၀ ကြိမ်မြောက်အစည်းအဝေးအတွင်း ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်မည့် တစ်ဦးချင်းပုဂ္ဂိုလ်အပေါ် ကောက်ခံမည့် ဝင်ငွေခွန်ဥပဒေ(ပြင်ဆင်အစားထိုးသည့်ဥပဒေ)ကို အတည်ပြုခဲ့ကြောင်း သိရှိပါသည်။
ဥပဒေသစ်အရ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် နှစ်စဉ်အခွန်ကင်းလွတ်ခွင့်ရှိသော ဝင်ငွေကန့်သတ်ချက်ကို ယခင်မူကြမ်းများတွင် ဗီယက်နမ်ဒေါင် ၂၀၀ သန်းအဆိုပြုထားပြီး လက်ရှိကောက်ခံသည့်ဗီယက်နမ်ဒေါင် ၁၀၀ သန်းမှ ၅၀၀ သန်း(အမေရိကန်ဒေါ်လာ ၁၈၀၀၀ ကျော်)အထိ တိုးမြှင့်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နှစ်စဉ်ဗီယက်နမ်ဒေါင် ၅၀၀ သန်း သို့မဟုတ် ထိုထက်နည်းသော ဝင်ငွေရှိသော အိမ်ထောင်စုလုပ်ငန်းများသည် တစ်ဦးချင်းနှင့် ပုဂ္ဂိုလ်အပေါ် ကောက်ခံသည့် ဝင်ငွေခွန် ပေးဆောင်ရန်မလိုအပ်ကြောင်း၊ ထိုသို့ပြင်ဆင်မှုအရ အိမ်ထောင်စုလုပ်ငန်း ၂.၃ သန်းခန့်သည် PIT ဝင်ငွေခွန်မှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
ပြင်ဆင်ထားသောဥပဒေတွင် မိသားစုအခြေအနေအပေါ်အခြေခံသော သက်သာခွင့်နုတ်ယူမှုကို အခွန်ထမ်းတစ်ဦးစီအတွက် တစ်လလျှင် ဗီယက်နမ်ဒေါင် ၁၁ သန်းမှ ၁၅.၅ သန်း(အမေရိကန်ဒေါ်လာ ၅၈၈ ခန့်) အထိတိုးမြှင့်ထားကြောင်း ဖော်ပြထားပါသည်။ ထို့အပြင်မှီခိုသူတစ်ဦးစီအတွက် သက်သာခွင့်နုတ်ယူမှုကို လက်ရှိ ဗီယက်နမ်ဒေါင် ၄.၄ သန်းမှ ဗီယက်နမ်ဒေါင် ၆.၂ သန်းအထိတိုးမြှင့်ထားကြောင်း သိရှိရပါသည်။
အဆိုပါဥပဒေသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အခွန်နှုန်း ထားလျှော့ချမှုနှင့် မြင့်မားသော သက်သာခွင့်များရရှိနိုင်ရန်အတွက် လုပ်ခ၊ လစာနှင့် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စောစီးစွာကျင့်သုံးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
လုပ်ခလစာမှရရှိသည့် ဝင်ငွေနှင့်ပတ်သက်သည့် အခွန်ပေးဆောင်ရန် အခွန်နှုန်းထားများဇယားကို အဆင့် ၇ ဆင့်မှ အဆင့် ၅ ဆင့်အထိ လျှော့ချထားပြီး အမြင့်ဆုံးပေးဆောင်ရန် ပြဋ္ဌာန်းထားသည့်နှုန်းထားမှာ ၃၅ ရာခိုင်နှုန်းဖြစ်ပြီး အဆိုပါကဏ္ဍအတွက် ဝင်ငွေကန့်သတ်ချက်ကို လက်ရှိ ဗီယက်နမ်ဒေါင် သန်း ၈၀ မှ သန်း ၁၀၀ အထိတိုးမြှင့်ထားကြောင်း သိရှိရပါသည်။
Source: Vietnam Plus
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)